Home
မြန်မာသတင်း
စစ်သင်တန်းတွင် တပ်သားသစ်များ ရိုက်နှက်ခံရပြီး ထမင်းသိုးစားနေရ 
DVB
·
March 6, 2025

စစ်ကောင်စီတပ်က လူငယ်လူရွယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ဖိအားပေး အဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး စစ်သင်တန်းတွေ ပေးနေတာမှာ သင်တန်းသားတွေကို ရိုက်နှက်တာတွေနဲ့ ထမင်းသိုးကျွေးတာတွေ  ရှိနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ တပ်သားသစ်တွေက ပြောပြပါတယ်။

စစ်သားအင်အား လိုအပ်ချက်ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ စစ်သားသစ် စုဆောင်းဖို့  နည်းမျိုးစုံသုံးပြီး ကြိုးစားလာပါတယ်။

အဲဒီထဲမှာ အတင်းအကျပ် ဖိအားပေး ခေါ်ဆောင်ခံရတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်သားတွေက အချိန်တို စစ်သင်တန်းပေးပြီး ရှေ့တန်းကိုပို့နေတယ်လို့ စုဆောင်းခံရပြီးနောက် ပြန်လွတ်မြောက်လာသူတွေက ပြောပါတယ်။

အဓမ္မ ဖမ်းဆီးထားတဲ့ လူငယ်လူရွယ် အမျိုးသားတွေကို စစ်သင်တန်းပို့ချနေရင်း သူတို့လုပ်ကိုင်တာ တခုခုလွဲမှားရင် ရိုက်နှက်တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း ပစ အဖြစ် အခေါ်ခံရသူ လူငယ်တယောက်က “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သွေးစစ်မယ်ဆိုပြီး အိမ်ထိလာခေါ်သွားတာ။ ပိုက်ဆံနဲ့လည်း ရွေးလို့မရဘူး။ သင်တန်းကို ရောက်ရောက်ချင်း သေနတ်ပစ်တာတွေ စသင်တာပေါ့။ စစ်မှုထမ်းဥပဒေပါတဲ့ လူငယ်တွေက စစ်သင်တန်းတက်လာသူမဟုတ်တဲ့ ပြည်သူတွေလေ၊ တခါတလေ အမှားအယွင်းရှိတာပေါ့။ အဲဒီအခါကျရင် သူတို့က တုတ်တွေဘာတွေနဲ့ ရိုက်နှက်တာတွေရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းချန်နယ်တွေမှာ စစ်မှုထမ်းတပ်သားသစ်တွေကို ကောင်းကောင်းမွန်မွန်ထားပြီး ဝလင်အောင် အစားသောက်ကျွေးကြောင်း ဝါဒဖြန့်တာတွေ ရှိပေမဲ့ လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘူးလို့ ဆိုပါတယ်။ သင်တန်းမှာ ထမင်းသိုးတွေ စားရတဲ့ အခါတွေလည်း ရှိတယ်လို့ အဲဒီလူငယ်က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း အခေါ်ခံရသူတယောက်က “ထမင်းကတော့ နေ့တိုင်းကျွေးပါတယ်။ ဒါပေမဲ့ မနက်မိုးလင်း သူတို့ကျွေးတဲ့အချိန်ကျရင်တော့ မနေ့ကကျန်ခဲ့တဲ့ ထမင်းတွေနဲ့ ကျနော်တို့ကို ကျွေးတာပေါ့။ ထမင်းတွေကတော့ သိုးနေပြီ၊ အဲဒါကို ပြန်ပြီးတော့ ကြော်ပြီး ကျွေးတာပေါ့။ သင်တန်းကာလမှာ ရိုက်နှက်တာတွေ အပြစ်ပေးတာတွေ ရှိတယ်။ ဖုန်းက ၃ လလုံး သိမ်းထားတာပေါ့၊ ဖုန်းသိမ်းထားပြီး သင်တန်းဆင်းတဲ့အချိန်ကျမှပဲ ပေးတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ရှေ့တန်းမှာ စစ်ကြောင်းထိုးဖို့ ပစလို့ခေါ်တဲ့ စစ်မှုထမ်းလူငယ်တွေကိုပဲ လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး ရှေ့တိုးခိုင်းတဲ့အပြင် စစ်ရေးအရ ရှုံးနိမ့်ရင်လည်း အရာရှိတွေက အရင်ပြေးလေ့ရှိတယ်လို့ စစ်မှုထမ်းကနေ ကာကွယ်ရေးတပ်တွေဘက် ပြန်လည်ခိုလှုံလာသူတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ရှေ့တန်းမတက်ချင်တဲ့ ပစတွေကိုလည်း စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လူငယ်တွေဟာ အတင်းအကျပ် ဖိအားပေး စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသလို စစ်သင်တန်းမှာလည်း အကြောက်တရားနဲ့ ထိန်းချုပ်ခံနေရတာတွေ ရှိနေတာနဲ့ပတ်သက်ပြီး CDM ဗိုလ်ကြီးကောင်းသူဝင်းက “သင်တန်းမှာ သူတို့ကို ကြောက်အောင် အမိန့်စီးဆင်းမှုရှိနိုင်အောင် အရပ်သားကလာတဲ့သူတွေ စစ်ပုံကျအောင် ဆိုပြီးတော့ အကြောက်တရားနဲ့ ထိန်းချုပ်နိုင်ဖို့အတွက် အပြစ်ပေးတာတွေ အရေးယူတာတွေပေါ့။ အရေးယူတဲ့အခါမှာလည်း တယောက်မကောင်းရင် ကျန်တဲ့သူတွေပါ ရောပြီး တပ်စုတစုလုံး အပြစ်ပေးတာတွေ လုပ်တဲ့ပုံစံမျိုးတွေ ရှိတယ်။ အဓိကတော့ ကြီးနိုင်ငယ်ညှဉ်းပေါ့။ သူတို့ကို ကြောက်ပြီး စစ်တပ်ထဲမှာပဲ ဆက်ပြီး ခိုင်းလို့ရအောင် လုပ်ဆောင်လို့ရအောင်အတွက် ဒီလိုတွေ လုပ်တာပေါ့နော်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဥ် ၁၀ အထိ ရှိနေပြီး စစ်ကောင်စီကတော့ တပ်သားသစ် စုဆောင်းမှုအတွက် မြို့ပြကျေးလက်မကျန် ဖိအားပေး ဖမ်းဆီး ပေါ်တာဆွဲ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင်  ပြည်ပနိုင်ငံတွေကနေ အကြောင်းအမျိုးမျိုးကြောင့် ပြန်ပို့ခံရသူတွေကိုပါ စစ်မှုထမ်းဖို့ စုဆောင်းတာတွေလည်း ရှိနေပါတယ်။

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013