Home
မြန်မာသတင်း
ယင်းမာပင်တွင် စစ်မှုထမ်းတပ်သားသစ် ၃ ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်
DVB
·
March 5, 2025
Photo : ULF စစ်ကြောင်း

စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီး ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၃ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာကြတယ်လို့ ယင်းမာပင်မြို့နယ် ပကဖ (လက်ရုံးတပ်၊ Union Liberation Front - ULF စစ်ကြောင်း) ဆီကနေ သိရပါတယ်။

ULF စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “စစ်တပ်က ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရတဲ့ လူငယ် ၃ ယောက်က လက်နက်ခဲယမ်းတွေ ယူလာပြီးတော့ ကျနော်တို့ ULF စစ်ကြောင်းဆီကို အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ လူငယ် ၃ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ MA1 သေနတ် ၃ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်အတောင့် ၃၀၀ ကျော်တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ULF စစ်ကြောင်းတာဝန်ခံ ဦးဗျတ္တက “နောက်ထပ် အလင်းဝင်လာမယ့် လူငယ်တွေ ရှိနေသေးလို့ အခု အလင်းဝင်လာတဲ့ လူငယ်လေးတွေရဲ့ နာမည်တွေနဲ့ သူတို့တာဝန်ကျခဲ့တဲ့ တပ်ရင်းတွေကို လျှို့ဝှက်ထားထားရတာ ဖြစ်ပါတယ်။ အလင်းဝင်လာတဲ့ လူငယ် ၃ ယောက်အတွက် တယောက် သိန်း ၃၀ စီ ဆုကြေးငွေ ပေးအပ်ထားပြီးပါပြီ။ စစ်ကောင်စီဘက်ကလည်း တိုက်ပွဲတွေထဲမှာသေတဲ့ သူတို့လက်အောက်ခံတွေကို အစားထိုးဖို့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို ဖမ်းဆီး စစ်မှုထမ်းစေခိုင်းနေတယ်။ ဒါပေမဲ့ မတရားစစ်မှုထမ်းနေရတဲ့ လူငယ်တွေက ကျနော်တို့လို တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ချိတ်ဆက်ထွက်ပြေးနေကြသူတွေ အများကြီးရှိနေတယ်ဆိုတာ အားလုံးအသိပဲလေ။ ကျနော့်အနေနဲ့က စစ်တပ်ထဲမှာ ကျန်နေတဲ့သူတွေကိုလည်း စောစောအလင်းဝင်ရင် စောစောအသက်ရှင်ကျန်ရစ်စေရမယ်။ မိသားစု၊ ဆွေမျိုးတို့နဲ့ စောစောတွေ့ဆုံရလိမ့်မယ်ဆိုတာလေး မှာချင်တယ်” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့ လူငယ် ၃ ယောက်ကို ULF စစ်ကြောင်းကပဲ နေထိုင်စားသောက်ရေးတွေ အားလုံးစီစဥ်ပေးထားပြီး လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ပေးထားသလို မိသားစုတွေနဲ့ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆက်လက်စီစ​ဉ် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က စစ်မှုထမ်းတပ်သားသစ် ၄ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ Union Liberation Front (ULF) စစ်ကြောင်းဆီကို အလင်းဝင်ရောက်ခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013