
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် အမှတ် ၃၆ ခြေလျင်တပ်ရင်းမှာ အဓမ္မစုဆောင်းခံထားရာက ထွက်ပြေးသွားတဲ့ တပ်သားသစ် ၂ ယောက်ထဲက ၁ ယောက်ကို ပြန်လည်ဖမ်းဆီးမိပြီး နှိပ်စက်ခံနေရတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၈ နေ့မှာ တပ်သားသစ်အဖြစ် စုဆောင်းခံရပြီးနောက် မတ် ၁၂ ရက်နေ့ ညပိုင်းက ထွက်ပြေးသွားခဲ့တာဖြစ်ပြီး မတ် ၁၄ ရက်နေ့ ညပိုင်းမှာ ၁ ယောက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ပြန်လည်ဖမ်းဆီးခံရတဲ့သူဟာ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး နေအိမ်မှာပဲ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိသူတယောက်က “အိမ်မှာပဲရိုက်နှက်ဖမ်းသွားတာ။ တကိုယ်လုံးသွေးတွေကို ရွှဲနေတာပဲ။ သူ့မိဘတွေတော့ ဘယ်လိုနေလဲမသိဘူး။ မြင်ရတာတောင် အသည်းတွေယားနေတာ” လို့ DVB ကို ပြောပါတယ်။
လက်နက်အားကိုးပြီး ပြည်သူတွေကို နှိပ်စက်နေတာဖြစ်ပြီး ပြန်ဖမ်းခံရတဲ့ကလေးကို မိဘဆွေမျိုး ညီအကိုမောင်နှမတွေအရှေ့တောင်မရှောင်ရိုက်နှက်တာကြောင့် တပ်ထဲရောက်ရင် ဘယ်လောက် ညှဉ်းပန်းနှိပ်စက် ဦးမယ်ဆိုတာမသိဘူးလို့လည်း ဆိုပါတယ်။
ခလရ ၃၆ တပ်ထဲကနေ တပ်သားသစ် ၂ ယောက် ထွက်ပြေးခဲ့တာကြောင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တဲ့အပြင် ကျန်တပ်သားသစ်တွေကို အဝတ်စားတွေပေးမဝတ်ဘဲ ကိုယ်လုံးတီးနေခိုင်းပြီး အပြစ်ပေးခဲ့သေးတယ်လို့ သိရပါတယ်။