Home
မြန်မာသတင်း
အမြင်အာရုံမသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်‌
DVB
·
April 15, 2025

ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်နဲ့ အလုပ်လုပ်ကိုင်တဲ့ အဆောက်အအုံတွေ ပြိုကျခဲ့တဲ့အတွက် အမြင်အာရုံ မသန်စွမ်းတွေအနေနဲ့ ပြန်လည်ထူထောင်ရေးနဲ့ အလုပ်ကိုင်ပြန်လည်ရရှိရေး အကူအညီတွေ လိုအပ်နေပါတယ်။ 

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့မြို့တွေနဲ့ ကျေးရွာတွေမှာ ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရပါတယ်။

အဲဒီဒေသတွေမှာရှိတဲ့ အမြင်အာရုံ မသန်စွမ်းတွေရဲ့ နေအိမ်တွေနဲ့ အလုပ်လုပ်ကိုင်နေတဲ့ အကြောပြင် အနှိပ်ခန်း အဆောက်အအုံတွေလည်း ပြိုကျ ပျက်စီးခဲ့ရတဲ့အတွက် အကူအညီတွေ လိုအပ်နေကြောင်း ကာယကံရှင်တွေက ပြောပါတယ်။

မန္တလေးတိုင်းနေ အမြင်အာရုံမသန်စွမ်းသူတယောက်က “ညီမတို့ကကျတော့ အကြောပြင်လုပ်ငန်း လုပ်တာဆိုတော့ အကြောပြင်လုပ်ငန်းကိုပဲ ပြန်လည်ထူထောင်တာ လိုချင်တာရှင့်။ လောလောဆယ်က ညီမတို့က ဘုန်းဘုန်းကျောင်းမှာ နေနေရတော့ ဘုန်းဘုန်းကျောင်း ဆိုတာကလည်း ရေရှည်နေဖို့ အဆင်မပြေဘူးလေ။ အဲဒီတော့ သင်္ကြန်ပြီးရင်တော့ ညီမတို့လည်း ကိုယ်ထူကိုယ်ထ အလုပ်ကလေးတော့ ပြန်လုပ်ချင်တဲ့ ဆန္ဒလေးတော့ ရှိတယ်ရှင့်။  ကိုယ်ထကိုယ်ထ အကြောပြင်လေးကို နေရာတနေရာစာလေးနဲ့ စနစ်တကျလေး အခြေကျကျလေးတော့ လိုချင်တယ်၊ အဲဒီလိုလေး လုပ်ချင်ပါတယ်” လို့ ပြောပါတယ်။

နေအိမ်တွေ ပြိုကျခဲ့ရတဲ့အတွက် မိသားစုဝင်တွေနဲ့အတူ မြေကွပ်လပ်နေရာတွေမှာ သက်ကယ်မိုးပြီး နေထိုင်ရတဲ့အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေအတွက်လည်း စိုးရိမ်နေကြပါတယ်။ 

ဒီအတွက် ယာယီရွက်ဖျင်တဲနဲ့ ဆေးဝါးထောက်ပံ့ပေးအကူအညီတွေ ပေးစေလိုကြောင်း ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နေ အမြင်အာရုံ သန်စွမ်းသူတယောက်က ပြောပါတယ်၊

“ကျနော်တို့ကျ ရွာဘက်က အုပ်နဲ့ သစ်နဲ့ ညှပ်ပြီး အုပ်ညှပ်နှစ်ထပ်တိုက်ပေါ့နော်၊ အဖီအဆောင်တွေ အရှေ့ဘက်ခြမ်း အပေါ်ထပ်က အကုန်ပြိုကျသွားတာ‌ဗျ။ တိုင်တွေလည်း ကွဲတယ်၊ ယက်မ ၂ ချောင်းလည်း ကျိုးသွားတယ်။ လောလောဆယ် မပြင်ရသေးဘူးဗျ၊ မပြင်နဲ့ဦးလည်း ပြောထားတာရှိတော့။ လောလောဆယ် ခဏ ခဏလည်း လှုပ်နေတော့ ပြင်လို့လည်း မရသေးဘူး။ တောင်းဆိုချင်တာကတော့ စားဝတ်နေရေးလေး ပြေလည်စေဖို့ နောက်ပြီး နေစရာ ထိုင်စရာလေး အဆင်ပြေစေဖို့ အဓိက နောက်ဆက်တွဲ ဝမ်းရောဂါတို့၊ ဝမ်းပျက်ဝမ်းလျှောတွေ ကျနော်က ကြောက်တာ။ အဲဒါကြောင့် ကျနော်ကတော့ နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုလေး ပေးစေချင်တာ။ နောက်ပြီးတော့ နေစရာ ရွက်ဖျင်တဲလေးတွေ ဖြစ်ဖြစ်ပေါ့နော်၊  အဲဒီလို ထောက်ပံ့မှုလေးတွေတော့ ပေးစေချင်တယ်ဗျ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ ငလျင်မှာ ထိခိုက်ခံစားခဲ့ရတဲ့ အမြင်အာရုံ မသန်စွမ်းသူတွေကို မြန်မာနိုင်ငံ အသင်းကနေ ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးနေပြီး အလုပ်အကိုင်ရရှိရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်း ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ မျက်မမြင်များအသင်းရဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ပုံမှန်တိုင်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပြန်ပြီး လည်ပတ်နိုင်ဖို့  ကျနော်တို့ တင်မဟုတ်ပါဘူး၊ မျက်မမြင်တွေ အလုပ်လုပ်နေတဲ့ အကြောပြင် အနှိပ်ခန်းတွေဆိုတာ များသောအားဖြင့် စီးပွားရေးလုပ်ငန်းရှင်တွေက ပိုင်တာ။ သူတို့ အိမ်ကို သူတို့ပြင်လို့ ဆိုင်ခန်းတွေပြန်ဖွင့်ရင်တော့ သူတို့ အလုပ်ရမှာပေါ့နော်။ အဲဒီလို အလုပ်မရခင် စပ်ကြားမှာတော့ မျက်မမြင်တွေ စားဝတ်နေရေးတွေ ကျပ်တည်းကြမှာပေါ့။ သူတို့လည်း တခြားအလုပ်တွေ ပြောင်းလုပ်ရမှာပေါ့။ တခြားဒေသတွေမှာ အလုပ်တွေရဖို့ ကျနော်တို့မှာ မြန်မာနိုင်ငံမျက်မမြင်များအသင်းမှာ အကြောပြင် အနှိပ်ကော်မတီဆိုတာ ရှိတယ်။ အဲဒီကနေပြီးတော့မှ အခွင့်အလမ်းရှာပေးမှာပေါ့၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို မျက်မမြင်တွေအတွက် အလုပ်တွေ ရှာပေးဖို့ သူတို့ ပြင်ဆင်နေကြပါတယ်။”

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ဧပြီ ၁၁ ရက်ထိ သေဆုံးသူ ၄၃၅၅ ယောက်နဲ့ ငလျင်ဘေးသင့်သူ ၂ သိန်းနီးပါး ရှိတယ်လို့ DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေ အရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013