Home
မြန်မာသတင်း
ငလျင်ဒဏ်ခံရသည့် အင်းလေးဒေသ၌ ပြန်လည်ထူထောင်ရေး မစနိုင်သေး
DVB
·
April 9, 2025

အင်အားပြင်းမြေငလျင်ကြောင့် လူအသေအပျောက်များတဲ့ ရှမ်းပြည်နယ်၊ အင်းလေးက ရွာတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစနိုင်သေးတဲ့အတွက် ဒေသခံတွေ အကူအညီတောင်းခံနေကြပါတယ်။

ငလျင်ကြောင့် လူအသေအပျောက်နဲ့ အထိအခိုက် ပျက်စီးမှုများတဲ့ ကေလာကျေးရွာအုပ်စု ကေလာရွာ၊ ကြာတော၊ သရက်ကြီးရွာတွေဘက်မှာ အခုထိ ပျက်စီးသွားတဲ့အိမ်တွေကို ရှင်းလင်းရေး မလုပ်ရသေးဘူးလို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

ရေပေါ်ရွာတွေဖြစ်တဲ့အတွက် ရေထဲမြုပ်နေတဲ့အိမ်တွေကို ပြန်ဖော်ဖို့နဲ့ ပြိုသွားတဲ့အိမ်တွေကို ပြန်ဆောက်ဖို့အတွက် ကျွမ်းကျင်တဲ့ ပညာရှင်တွေလိုအပ်နေပြီး ပြန်လည်ထူထောင်ရေးအတွက် ကူပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

အိမ်ပေါင်း ၄၃၅ အိမ် ပျက်စီးသွားပြီး လူအယောက် ၃၀ ကျော်သေတဲ့ ကေလာရွာမှာလည်း ဒီနေ့အထိ ပြိုသွားတဲ့အိမ်တွေကို ရှင်းဖို့ အကူအညီ မရသေးဘူးလို့ ပြောပါတယ်။

ကေလာရွာဒေသခံတယောက်က “အိမ်တွေအကုန်လုံး တလုံးမှ သေချာမရှင်းရသေးဘူးဗျ။ တချို့ နည်းနည်း ပိုက်ဆံအဆင်ပြေတဲ့သူတွေလောက်ပဲ ရှင်းရသေးတာဗျ။ ဘာလို့လဲဆိုရင် အကုန်လုံးက လက်သမားလည်းမလောက်ဘူး၊ ပြီးကျရင် အင်ဂျင်နီယာ ခေါ်မယ်ဆိုလည်း ခေါ်လို့မရတဲ့ ဟာမျိုးဗျ။ ကေလာရွာက ရေပေါ်ရွာဆိုတော့ ရေပေါ်မှာ ဆောက်ထားတဲ့ အိမ်တွေကိုပဲ ရှင်းလင်းရမှာဆိုတော့ ဒေသခံလက်သမားတွေနဲ့မှပဲ အဆင်ပြေမှာဗျ” လို့ ပြောပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် ဒေသခံတွေဟာ ဝါးနဲ့ ကျွမ်းကျင်လက်သမားဆရာတွေ လိုအပ်နေပါတယ်။ လက်ရှိ အင်းလေးမှာ အလှူရှင်တွေ ပုံမှန်လာနေပေမဲ့ ကူညီကယ်ဆယ်ရေးအတွက် လုံလောက်တဲ့ အဖွဲ့အစည်းနဲ့ လူအင်အားမျိုး မရကြသေးပါဘူး။

အင်းလေးပရဟိတအဖွဲ့ တာဝန်ရှိသူတယောက်က “အဓိက သူတို့အတွက် လုံလောက်တဲ့ ငွေကြေးပမာဏ မရရှိသေးတဲ့အတွက် ပြန်လည်ထူထောင်ရေးဘက်ကို မကူးနိုင်သေးတာလည်း ပါမယ်။ ပြီးတော့ သူတို့ အိမ်အဟောင်းက ပြိုကျပျက်စီးသွားတဲ့အိမ်တွေကို ပြန်လည်ရှင်းလင်းရေး မလုပ်ရသေးတာလည်း ပါမယ်ဗျ။ အခု ကျနော်တို့ဆီမှာ အခက်ခဲဆုံးက လက်သမားအခက်အခဲ ဖြစ်တယ်ဗျ။ ပြန်ဆောက်ဖို့အတွက်ရော ပြိုကျသွားတဲ့အိမ်တွေကို ပြန်ရှင်းလင်းရေး လုပ်ဖို့အတွက်ကော” လို့ ပြောပါတယ်။

အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရဆိုရင် အင်းလေးမှာ လူ ၉၀ ကျော် သေဆုံးပြီး နေအိမ်ပေါင်း ၂,၀၀၀ ကျော် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ရွာလုံးကျွတ် ပျက်စီးသွားတဲ့ ရွာတွေလည်း ရှိနေပြီး ဒီနေ့အချိန်ထိ ထိခိုက်အပျက်အစီးနဲ့ လူအသေအပျောက်စာရင်း အတိအကျ မရသေးပါဘူး။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013