
အင်အားပြင်း မြေငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့တဲ့ မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ အခုရက်ပိုင်း ငလျင်တွေ ထပ်မံလှုပ်ခတ်နေတာကြောင့် ပြန်လည်ထူထောင်ရေး မလုပ်ဆောင်နိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေနဲ နည်းတူ ထိခိုက်ပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်း ၃၂၀ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။
မြေငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော်ရှိခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီ ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။
ဧပြီ ၁၁ ရက် မနက် ၈ နာရီ ၄၃ မိနစ်လောက်က ဝမ်းတွင်းမြို့နယ် သပြေဝကျေးရွာကို ဗဟိုပြုပြီး ငလျင် ထပ်မံလှုပ်ခတ်လို့ ပျက်စီးသွားတဲ့နေအိမ်တွေမှာ ပြန်လယ်ထူထောင်ရေး မစတင်နိုင်သေးဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ပြန်လည်ထူထောင်ရေးက မစနိုင်သေးဘူး။ အဖွဲ့အစည်းတွေနဲ့ လာလုပ်ပေးတာတော့ ဘာမှ မရှိသေးဘူး။ အစိုးရက လာထောက်ပံ့ပေးတာတွေ မရှိဘူး။ အိမ်ပြို အိမ်ပျက်စာရင်းတော့ လာကောက်သွားတယ်။ ပြန်ပြီးတော့ လုံလုံခြုံခြုံနေဖို့အတွက် အများကြီးပဲ လိုသေးတယ်။ ထရံအိမ်တလုံး ဖြစ်ဖို့အတွက် မလွယ်ဘူးလေ။ ပြန်လည်တည်ဆောက်ဖို့ အချိန်ကို သတ်မှတ်လို့ မရဘူး။ ကျနော့်အိမ်တောင် နောက်ထပ် အနည်းဆုံး ၂ လလောက် စောင့်ကြည့်ပြီးမှ ပြင်ဖို့ ဆုံးဖြတ်ထားတယ်။”
လက်ရှိမှာလည်း ငလျင်တွေ ထပ်မံလှုပ်ခတ်နေတာကြောင့် ကျောင်းဆောင် ပြန်ဆောက်ဖို့ အဆင်မပြေသေးဘူးလို့ သိမ်တောင်တောရကျောင်းတိုက် ဆရာတော် ဦးနရိန္ဒက မိန့်ပါတယ်။
“ပြန်လည်ထူထောင်ရေးက ဘာမှကို မလုပ်ရသေးပါဘူး။ ဖြစ်ထား ပျက်ထားတာတွေကိုပဲ သန့်ရှင်းရေး လုပ်ရသေးတယ်။ ပြန်လည်ထူထောင်ရေးက လိုပါသေးတယ်။ ဘာလို့ဆို ခဏ ခဏလည်း (မြေငလျင်)လှုပ်နေတာဆိုတော့ အသစ်ပြန်လည်လုပ်ဖို့က အဆင်မပြေလောက်သေးဘူး။ အဲဒါကြောင့်မို့ သန့်ရှင်းရေးလောက်ပဲ လုပ်လို့ရတယ်။”
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၃၅၅ ယောက်နဲ့ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ်အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၁ ရက်အထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေ အရ သိရပါတယ်။
အောင်ခန့်