Home
မြန်မာသတင်း
ငလျင်ဘေးကြုံနေချိန် ရွေးကောက်ပွဲကျင်းပရန်စီစဉ်မှု နိုင်ငံရေးအမြတ်ထုတ်ခြင်းဖြစ်ဟု သုံးသပ်  
DVB
·
April 10, 2025

ငလျင်ဘေးကြောင့် ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်ခင်မှာတင် အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြောလာတာဟာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြံနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မဲစာရင်းမှားတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီက ၅ နှစ်အကြာမှာ ရွေးကောက်ပွဲပြန်လုပ်ဖို့ အတည်ပြုလာတာပါ။

ခုအချိန်မှာ မြန်မာပြည်သူတွေဟာ စစ်ဘေးရော၊ ငလျင်ဘေးပါ ကြုံတွေ့နေရပြီး ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်ခင်မှာပဲ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၈ ရက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

စစ်တပ်ဟာ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ ဒုက္ခရောက်ချိန်မှာပဲ ၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့တာဖြစ်လို့ အခုတကြိမ်လည်း အခွင့်အရေးယူလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောပါတယ်။

“အဲဒီမှာလည်း ပြည်သူတွေ ပါဝင်ပတ်သက်မှု အားနည်းပေမဲ့လည်းပဲ သူတို့ ကြိုတင်တွက်ချက်ထားတဲ့ ကိန်းဂဏန်းတွေကို ထုတ်ကြေညာလိုက်ပြီးတော့ ဒီလိုပဲ အတည်ပြုလိုက်တာပဲ။ အခုလည်း အဲဒီလိုပဲ လုပ်မယ့်သဘောပေါ့။ ဒါ စစ်အာဏာရှင်တွေ မည်သည်ကတော့ ဘယ်တော့မှ ပြည်သူ့မျက်နှာကို ကြည့်လေ့ကြည့်ထ မရှိဘူးလေနော်။ မရှိတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေ ဘာဖြစ်နေ ဖြစ်နေ၊ သူတို့ လိုချင်တဲ့အကွက်ကိုပဲ သူတို့ဟာသူတို့ အကွက်ချပြီးတော့ ခင်းသွားမယ့် အနေအထားမျိုးလို့ နားလည်ပါတယ်။”

စစ်တပ်ဟာ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တာကြောင့် တရားဝင်မှုမရှိတဲ့အပြင် လုပ်နိုင်စွမ်းလည်းမရှိကြောင်း ကိုနေဘုန်းလတ်က ဆက်ပြောပါတယ်။

ဒါအပြင် တော်လှန်စစ်ကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ထိန်းချုပ်နိုင်ထားတဲ့ ၂၅ ရာခိုင်နှုန်းသော နယ်မြေတွေမှာ နိုင်ငံရေးအရ အမြတ်ထွက်ဖို့ ဟန်ပြရွေးကောက်ပွဲကို လုပ်ဆောင်တာလို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

နိုင်ငံရေး၊ ရွေးကောက်ပွဲလေ့လာသူ  အမျိုးသားတယောက်က “နောက်ပြီးကျတော့ ရွေးကောက်ပွဲကို ဒီအခြေအနေမှာ ကျင်းပလို့ရလား၊ မရဘူးလားဆိုတာ ကျနော်တို့ လက်ရှိ အခြေခံဥပဒေအရ ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ အစိုးရဖြစ်ဖို့ဆိုရင် ဒီလောက်မဲအများကြီး မလိုဘူး။ ဆိုလိုတာက ဒီအနည်းဆုံး သတ်မှတ်ထားတဲ့ လွှတ်တော်အမတ်အရေအတွက်ကို ရဖို့ဆိုရင် တချို့မြို့ကြီးတွေမှာ လုပ်တာနဲ့တင် အထမြောက်တယ်လို့ ပြောလို့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ၂၀၀၈ အခြေခံဥပဒေမှာ မဲဘယ်နှယောက် လာပေးရမယ်ဆိုတာ မပါသလို စစ်တပ်အလိုကျ ရေးဆွဲထားတာလို့ ပြောပါတယ်။

စစ်တပ်ကတော့ ပါတီတည်ထောင်ခွင့်တွေကို ၂၀၂၅ ခုနှစ် မေ ၉ ရက် နောက်ဆုံးထား လျှောက်ကြဖို့ ပြောထားပြီး တချို့ပါတီတွေလည်း လျှောက်ထားနေကြပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ၊ မဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေအတွက် အချိန်လုံလောက်စေဖို့ ဒီလိုသတ်မှတ်ရတာလို့လည်း စစ်ကောင်စီရဲ့ UEC က ပြောထားပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် က “မေလ ၉ ရက်နေ့ ပါတီတွေအားလုံး ပိတ်လိုက်ပြီ ဆိုရင်တော့ မေလလယ်လောက်မှာ ထွက်လာလိမ့်မယ်။ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ဆိုပြီး ကြေညာလိမ့်မယ်။ ဒါမှမဟုတ်လည်းပဲ မေလ ၉ ရက်နေ့ပဲ ထွက်မလားတော့ မသိဘူးပေါ့လေ။ အဲဒီရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများ ထွက်လာတော့မှ အဲဒီမှာ အသေးစိတ် ပါလာမှာ။ အဲဒီကျတော့မှ သူတို့ ဘယ်လိုလုပ်မလဲဆိုတာ၊ ဆရာတို့ကတော့ သိပါတယ်။ ယျေဘုယျအများကြီး ဖြတ်သန်းလာတာ လိမ်မှာပဲလေ” လို့ ပြောပါတယ်။

နဂိုရှိရင်းစွဲ စစ်ဘေးအပြင်၊ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေး၊ စစ်ကိုင်း အပါအဝင် တနိုင်ငံလုံးက ပြည်သူ ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ကြားကနေ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့ ထုတ်ပြောနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ဒီနှစ်အကုန် ဒီဇင်ဘာနဲ့ နောက်နှစ်အစပိုင်း ဇန်နဝါရီမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေပြီး နိုင်သူ အကုန်ယူစနစ် (FPTP) ရော၊ အချိုးကျကိုယ်စားပြု PR စနစ်ရော ၂ ခုစလုံးကို ပေါင်းစပ်ကျင်းပဖို့ ရှိတယ်လို့ ပြောထားပါတယ်။

အခုလို ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းနေတဲ့ စစ်တပ်က ငလျင်ကြောင့် ထိခိုက်သေဆုံးရသူတွေကို တယောက် ၁၀ သိန်းပေးမယ်လို့ ပြောထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာ ခုချိန်ထိ မတွေ့ရသေးပါဘူး။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013