
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ဧပြီ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ၂ နှစ်အရွယ်ကလေးငယ် ၁ ဦး သေဆုံး၊ ဒေသခံတွေ ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တချို့လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက ပြောပါတယ်။
“အဲဒီနေ့ည ၉ နာရီလောက်က ဘိုမင်းကြီးကင်း၊ မြောင်လမ်းခွဲမှာ တပ်စွဲနေတဲ့ စစ်သားတွေက လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ စံတင်ကင်းရွာထဲကို လက်နက်ကြီးကျည် ၇ လုံးကျတယ်။”
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ စံတင်ကင်းကျေးရွာမှာ နေထိုင်ကြတဲ့ ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရသလို ရွာခံပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဆိုပြောပါတယ်။
မြင်းမူမြို့နယ် ပကဖ ဒုတာဝန်ခံ ကိုစွန်ရဲ က “အဲဒီရွာတွေဘက်ကို စစ်ကြောင်းဝင်မှာမို့လို့ လက်နက်ကြီးတွေပစ်ပြီး ကြိုရှင်းတယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်နေ့မနက်စောပိုင်းမှာ စံတင်ကင်းရွာဘက်ကို စစ်ကြောင်း ဝင်လာပြီးတော့ အိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်။ နောက်ပြီး သူတို့ စခန်းတွေကို ပြန်ဝင်သွားကြတယ်လို့ သိရတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ဧပြီ ၉ ရက် မနက်စော ၁ နာရီဝန်းကျင်မှာတော့ ဂွေးပင်တောကျေးရွာနဲ့ ဘိုးမင်းကြီးကင်းလမ်းခွဲတို့မှာ တပ်စွဲထားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ အဆိုပါကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပေမဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေနဲ့ လက်နက်ကြီးပစ်တာတွေ တောက်လျှောက် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ သတိနဲ့ နေထိုင်သွားလာကြဖို့ တော်လှန်ရေး တပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။