
စံချိန်သစ် ထပ်တင်လိုက်တဲ့ ကမ္ဘာရွှေဈေးကြောင့် မြန်မာပြည်တွင်းရွှေဈေးကလည်း အခေါက်ရွှေတကျပ်သားကို ကျပ်သိန်း ၇၀ ကနေ ၇၃ သိန်းအထိ တရက်အတွင်း ထပ်မံမြင့်တက်သွားပါတယ်။
ဒီကနေ့ကမ္ဘာ့ရွှေဈေးက သမိုင်းဝင်အမြင့်ဆုံးဈေးတန်းဖြစ်တဲ့ တအောင်စကို အမေရိကန်ဒေါ်လာ ၃၂၀၀ ကျော်ထိ မြင့်တက်နေပြီး၊ အဲဒီကမ္ဘာရွှေဈေး အတက်က မြန်မာပြည်တွင်း ရွှေဈေးကိုပါ ရက်ပိုင်းအတွင်း အရှိန်အဟုန်နဲ့ ထိုးတက်သွားစေခဲ့တာပါ။
မနေ့က ကျပ် သိန်း ၇၀ အထက်မှာ ဈေးပိတ်ခဲ့တဲ့ ပြည်တွင်းရွှေဈေးက ဒီနေ့မှာ ကျပ် ၇၃ သိန်းအထိ တက်လာခဲ့ပြီး၊ တရက်အတွင်း ကျပ် ၃ သိန်းနီးပါးအထိ ထိုးတက်ခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာရခြင်းက ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ စစ်ပွဲတွေကြောင့် ဖြစ်တယ်လို့ ရွှေဈေးကွက် လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မရေရာမှုတွေ ကြား ရွှေဝယ်ယူမှုများလာပြီး ရွှေဈေးကလည်း တောက်လျှောက်တက်လာခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်း ရွှေဈေးတက်နေချိန်မှာ ဒီကနေ့ ပြည်တွင်း ဒေါ်လာဈေးကလည်း ပြန်တက်ရိပ်ပြနေပါတယ်။
ဧပြီ ၉ ရက်က အမေရိကန် တဒေါ်လာကို ၄၄၂၀ ကျပ် အထိ ဈေးကျခဲ့ပေမဲ့ ဧပြီ ၁၁ ရက် ဒီကနေ့ မနက်ပိုင်းမှာ ၄၄၅၀ ကျပ်အထိ ပြန်တက်ရိပ်ပြလာတာပါ။
ဒါပေမဲ့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးကတော့ ကျပ် ၅,၆၀၀,၀၀၀ ဝန်းကျင်မှာပဲ ဒီကနေ့အထိ ဈေးငြိမ်နေဆဲပါ။