Home
မြန်မာသတင်း
ဒေါ်လာနှင့်ရွှေဈေး တက်ရိပ်ပြ
DVB
·
January 9, 2025

စစ်ကောင်စီ ဗဟိုဘဏ်က ဇန်နဝါရီလ ပထမပတ်အတွင်းမှာပဲ ‌ဒေါ်လာ ၅၂ သန်းကျော် ထုတ်ရောင်းခဲ့ပေမဲ့ ‌ဒေါ်လာဈေး ပြန်တက်ရိပ်ပြလာပါတယ်။

ဇန်နဝါရီ ၃ ရက်က အမေရိကန် တဒေါ်လာကို ကျပ်ငွေ ၄,၄၃၀ ဈေးဖြစ်နေရာက ဒီနေ့မှာ ၄,၅၆၀ ကျပ်အထိ မြင့်တက်လာပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လမှာ ပြင်ပပေါက်ဈေး တဒေါ်လာ ကျပ် ၇,၀၀၀ ကျော် ဖြစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးဟာ စကစဗဟိုဘဏ်က နိုင်ငံခြားငွေတွေကို အလုံးအရင်းနဲ့ မကြာခဏ ထုတ်ရောင်းခဲ့ပြီးတဲ့နောက် တ‌ဒေါ်လာ ၄,၄၀၀-၄,၅၀၀ ကျပ် ဝန်းကျင်အထိ တဖြည်းဖြည်း ပြန်ကျလာခဲ့ရာက အခုရက်ပိုင်းမှာ ပြန်တက်ရိပ်ပြလာတာပါ။

ဒေါ်လာဈေး ပြန်တက်လာတာနဲ့အတူ အကယ်ဒမီ အခေါက်ရွှေဈေးကလည်း ၁ ကျပ်သားကို ၆၂ သိန်းဝန်းကျင်ကနေ ၆၃သိန်းကျော်ကို မြင့်တက်သွားတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။

ဒေါ်လာငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က “အခုကတော့ ပြန်တက်နေတယ်။ ဘာလို့တက်လဲတော့ ကျနော်လည်း မသိဘူး။ အခု ဈေးကွက်ထဲမှာ ၄,၅၆၀ လောက်အထိ ဖြစ်နေတယ်။ ရက်ပိုင်းအတွင်း တဒေါ်လာကို ကျပ် ၁၀၀ ကျော်လောက် ပြန်တက်လာတာ” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရိပ်ရိပ်တက်လာတဲ့ ရွှေဈေးကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဟာ ရွှေအရောင်းအဝယ်ကို ရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်တဲ့ ရွှေရည်ညွှန်းဈေးနဲ့ သတ်မှတ် ရောင်းချခိုင်းနေတာပါ။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီကနေ့ အကယ်ဒမီ အခေါက်ရွှေ အဖွင့်ဈေးက ကျပ် ၅,၃၆၀,၀၀၀ ရှိပြီး ပြင်ပဈေးနဲ့ နှိုင်းယှဉ်ရင် ကျပ် ၁၀ သိန်းဝန်းကျင် ဈေးကွာဟချက်ရှိပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ရွှေတွေအပေါ် အခွန်နှုန်းထားတွေ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အရင်က ရွှေတုံးရွှေခဲကို အခွန်ကောက်ခံခြင်းမရှိခဲ့ဘဲ ရွှေထည်တွေကိုသာ ၁ ရာခိုင်နှုန်း ကောက်ခံခဲ့ရာကနေ နှစ်မျိုးလုံးကို ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013