Home
မြန်မာသတင်း
ငလျင်ဘေးသင့် ကျောက်ဆည်တွင် အကူအညီမရသဖြင့် ပြန်လည်ထူထောင်ရေး မလုပ်နိုင်  
DVB
·
April 9, 2025
Quake_29032025

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ငလျင်ဒဏ်သင့်ပြည်သူတွေကို စစ်ကောင်စီက ကူညီထောက်ပံ့တာ ဘာတခုမှ မရှိတာကြောင့် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်ဆည်မြို့မှာ နေအိမ်၊ အဆောက်အအုံ ၁၄၇ လုံးဟာ လုံးဝပြိုကျခဲ့ပြီး တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ကျောက်ဆည်မြို့မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ဧပြီ ၅  ရက်အထိ လုပ်ဆောင်ခဲ့ရာ သေဆုံးသူ ၁၀၈ ယောက်၊ ဒဏ်ရာရသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့် သေဆုံးထိခိုက်ခဲ့တဲ့သူတွေကို စာနာနားလည်လို့ သနားပြီး နှစ်သိမ့်တဲ့အနေနဲ့ ပုဂ္ဂလိကတွေက ကူညီလှူဒါန်းတာတွေ ရှိပါတယ်။

မြို့ခံတယောက်က “တာဝန်ရှိသူတွေက  ဘာမှမကူညီပါဘူး။ ကိုယ်ထူကိုယ်ထပဲ လုပ်နေရတာ။  ကြီးကြီးမားမား ကူညီတာတွေ မရှိပါဘူး။ ထောက်ပံ့ကြေးတို့ ဘာတို့ ခုချိန်ထိတော့ မရသေးဘူး။ ကူညီမှုတွေက အများကြီးလိုအပ်တာပေါ့။ လက်ရှိကတော့ စားစရာပေါ့။ စားစရာပြီးရင် နေစရာ ပြန်လုံးပန်းကြရမှာပေါ့။ လောလောဆယ်ကတော့ စားဖို့အရေးကို လုံးပန်းနေကြရတယ်။ ကူညီပေးလို့ရရင် ကူညီပေးကြပါ။ အခုက ပြန်လည်ထူထောင်ရေး ရောက်သွားပြီဆိုတော့ တော်တော်ခက်ခဲကြတယ်” လို့ ပြောပါတယ်။

ဧပြီ ၄ ရက် ည ၉ နာရီ ၅၅ မိနစ်လောက်က ကျောက်ဆည်မြို့ကို ဗဟိုပြုပြီး ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

ငလျင် ထပ်မံလှုပ်ခတ်ခဲ့တာကြောင့်  ထိခိုက်သေဆုံးသူ မရှိပေမဲ့ ထိခိုက်ပျက်စီးနေတဲ့ နေအိမ်၊ အဆောက်အအုံတချို့ အနည်းငယ်ပြိုကျ အက်ကွဲတာတွေ ရှိခဲ့ပါတယ်။

ငလျင်သင့်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ စားသောက်ရေးအတွက် အစားအသောက်နဲ့ ရေပဲရရှိပြီး ကျန်တာ ဘာတခုမှ မလာဘူးလို့  လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကူညီထောက်ပံ့မှုတွေက အခုကတော့ ပြောရရင် ယာယီထောက်ပံ့မှုပါပဲ။ ထိခိုက်ဒဏ်ရာရပြီး လောလောဆယ် စားဝတ်နေရေး အခက်အခဲအတွက် အစားအသောက်နဲ့ ရေပဲ ကျန်တာ ဘာတခုမှ မလာဘူး။ အခက်အခဲတွေက အများကြီးပဲ။ ရင်ဆိုင်နေရတာက သူတို့မှာ အိမ်ပြိုသွားတဲ့သူတွေ ဖျက်ဆီးစရိတ်တွေ နည်းနည်းနောနောမှ မဟုတ်တာ။ ဆုံးရှုံးမှုတွေကလည်း များတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၃၄၅ ယောက်နဲ့ ဒဏ်ရာရသူ ၇,၈၃၀ ယောက်အထိ ရှိလာပြီး လူအယောက် ၂၁၀ ပျောက်ဆုံးနေဆဲဖြစ်ကာ ကယ်ဆယ်ရရှိထားသူ ၆၅၃ ယောက်ဖြစ်တယ်လို့ DVB က ဧပြီ ၈  ရက် ညနေ ၅ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013