Home
မြန်မာသတင်း
ငလျင်ဘေးသင့် မသန်စွမ်းအမျိုးသမီးများ အကူအညီလိုအပ်နေ
DVB
·
April 9, 2025

အင်အားပြင်း ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ဒေသက မသန်စွမ်း အမျိုးသမီးတွေဟာ အကူအညီတွေ မရရှိဘဲ အခက်အခဲများစွာ ကြုံတွေ့ နေရတယ်လို့ မသန်စွမ်းအမျိုးသမီးတွေက ပြောပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းကိုဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ သူတွေထဲမှာ မသန်စွမ်း အမျိုးသမီးတွေလည်း ပါဝင်နေပြီး လက်ရှိအချိန်မှာ အကူအညီတွေ လိုအပ်နေတယ်လို့ မန္တလေးတိုင်းမှာ ငလျင်ဘေးသင့်ဒဏ်ခံစားခဲ့ရတဲ့ မသန်စွမ်း အမျိုးသမီးတွေက ပြောဆိုခဲ့တာပါ။

မသန်စွမ်းအမျိုးသမီးတွေဟာ သဘာဝဘေးနဲ့မကြုံရဘဲ ဒီအတိုင်းပဲ နေထိုင်ရင်တောင် ထိခိုက်လွယ်တဲ့ အုပ်စုဖြစ်တာကြောင့် အခက်အခဲတွေများစွာရှိပါတယ်လို့ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်း အမျိုးသမီးတယောက်က ပြောပါတယ်။

အင်အားပြင်းထန်တဲ့ငလျင်ပြီး လှုပ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာလည်း အသေးစားငလျင်လေးတွေ ဆက်တိုက်လှုပ်လာတာကြောင့် မသန်စွမ်းအမျိုးသမီးတွေဟာ စိတ်အေးအေးချမ်းချမ်း မနေနိုင်တဲ့အပြင် ကူညီကယ်ဆယ်ရေးတွေလည်း ရောက်မလာတဲ့အတွက် မလုံခြုံတဲ့ နေရာမှာပဲ အဆင်ပြေသလို နေကြရတယ်လို့ဆိုပါတယ်။

မန္တလေးက အမြင်အာရုံမသန်စွမ်း အမျိုးသမီးတယောက်ရဲ့ ပြောကြားချက်အရ ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာ ဘယ်အဖွဲ့အစည်းမှ ရောက်မလာတောကြောင့် ကိုယ်ထူကိုယ်ထပဲ စိတ်ချလုံခြုံတဲ့နေရာကို ပြောင်းရွေ့ရတယ်လို့ ပြောပါတယ်။

မသန်စွမ်း အဖွဲ့အစည်းတွေအနေနဲ့လည်း ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ မသန်စွမ်းသူတွေအတွက် ထောက်ပံ့မှုတွေလက်လှမ်းမှီသလောက် ချိတ်ဆက်ဆောင်ရွက်ပေးတာတွေကို ရှိနေပေမဲ့လည်း မသန်စွမ်းသူတွေဆီ ရောက်ရှိမှု နည်းနေသေးတဲ့ အခြေအနေတွေမှာရှိနေတာပါ။

လက်ရှိအချိန်မှာ မသန်စွမ်း အဖွဲ့အစည်းတွေကို စာရင်းပေးထားတာတွေ ရှိနေပေမဲ့ ထောက်ပံ့မှုတွေ ‌ရောက်မလာသေးဘူးလို့ မသန်စွမ်း မိသားစုဝင်တွေ ပြောပါတယ်။

လက်ရှိမှာတော့ ငလျင်လှုပ်ခတ်မှုကြောင့် မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး အသက်ဆုံးရှုံးတာတွေ ထိခိုက်ဒဏ်ရာရရှိတာတွေကို အရေအတွက် အတိအကျမကောက်ယူနိုင်သေးသလို လက်ရှိအချိန်ထိလည်း စာရင်းကောက်ယူနိုင်ဖို့ အခက်အခဲများစွာရှိနေတာပါ။ 

ဒီဂျူလိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013