Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် ဥရောပသမဂ္ဂ (EU)က  ယူရိုငွေ ၁၀ သန်း ထပ်ကူညီပေးမည် 
DVB
·
April 8, 2025
photo: WFP/EU Myanmar

ဥရောပသမဂ္ဂ (EU) နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ မြေငလျင်ကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ  ယူရိုငွေ  ၁၀ သန်း ထပ်ဆောင်း ပံ့ပိုးပေးမယ်လို့ ဥရောပကော်မရှင်က ကြေညာလိုက်ပါတယ်။

ကူညီထောက်ပံ့ငွေတွေဟာ အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုတွေ အပါအဝင် မိသားစုရှာဖွေ ပြန်လည်ပေါင်းစည်းရေးတို့ကို ပံ့ပိုးပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရန်ပုံငွေဟာ မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွက် ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ  စုစုပေါင်း ယူရို ၁၃ သန်း အထိ ရောက်ရှိခဲ့ပြီဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလျာထားချက် ယူရို ၄၆ သန်းရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။

ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်စီမံခန့်ခွဲမှုနဲ့ ညီမျှခြင်းရေးရာ ဥရောပ ကော်မရှင်နာ ဟာဂျာလာဘစ်က “ဥရောပသမဂ္ဂဟာ ဒီကြေကွဲဝမ်းနည်းဖွယ်ကောင်းတဲ့ ငလျင်အပြီးတွင် မြန်မာနိုင်ငံသားတွေနဲ့ တသားတည်းမြဲမြံစွာ ဆက်လက်ရပ်တယ်နေတယ်။ ငလျင်ဒဏ်သင့် လိုအပ်နေသူတွေထံ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ အမြန်ဆုံးရောက်ရှိနိုင်စေရန် ဦးစားပေးကာ သေချာဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် အသက်ကယ် အကူအညီအထောက်အပံ့တွေ ဘေးကင်းစွာ ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ဘေးကင်းလုံခြုံစွာ အကန့်အသတ် အတားအဆီးမရှိ ဝင်ရောက် ထောက်ပံ့ခွင့်ပြုဖို့လည်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို EU က တိုက်တွန်းလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေကို အပြည့်အဝလေးစား လိုက်နာဖို့နဲ့  ပြည်သူတွေနဲ့  အကူအညီပေးသူတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အစီအမံအားလုံးကို ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။

ဥရောပက ကျွမ်းကျင်ပညာရှင် ၁၂ ယောက်ပါဝင်တဲ့အဖွဲ့နဲ့ EU ဆက်သွယ်ရေးအရာရှိ ၂ ယောက်တို့ဟာ  လူသားချင်းစာနာထောက်ထားမှုမိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ဖို့ လက်ရှိ ငလျင်ဘေးသင့်ဒေကိုသွားရောက်ပြီး မြေပြင်မှာ တာဝန်ထမ်းဆောင်နေ တယ်လို့လည်း သိရပါတယ်။

ဥရောပသမဂ္ဂ (EU) ဟာ ပထမဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်ဖြင့် ကိုပင်ဟေဂင်မှ ရန်ကုန်သို့  အရေးကြီး ပစ္စည်း တန်ချိန် ၈၀ ကို သယ်ဆောင်လာခဲ့ပြီး အခုအခါ UNICEF ကနေတဆင့် လိုအပ်သူတွေထံ မြေပြင်မှာ ဖြန့်ဖြူးပေးနေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013