
မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ဘေးဒဏ် ခံနေရတဲ့ ပြည်သူတွေအတွက် ကနေဒါနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉ ဒသမ ၇၅ သန်း ပေးအပ်သွားမယ်လို့ ကနေဒါအစိုးရက ထုတ်ပြန်ပါတယ်။
မတ် ၂၈ ရက်က လူပေါင်းများစွာ အသက်ဆုံးရှုံးစေခဲ့ပြီး အခြေခံအဆောက်အဦတွေ ပျက်စီးစေခဲ့တဲ့ မြန်မာမြေငလျင်ဘေးအတွက် ကနေဒါနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၉ ဒသမ ၇၅ သန်း ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေတွေကို အရေးပေါ် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးတာ၊ အမိုးအကာ၊ အစားအသောက်နဲ့ တခြား အရေးပေါ်ပစ္စည်းတွေ ပေးအပ်ရာမှာ အသုံးပြုသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကူညီထောက်ပံ့ငွေတွေထဲက ဒေါ်လာ ၄ သန်းကို ကနေဒါကြက်ခြေနီကနေတဆင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) ကို ပေးအပ်မှာ ဖြစ်ပါတယ်။
ဒေါ်လာ ၂ သန်းကတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကို ပေးအပ်မှာဖြစ်ကာ ဒေါ်လာ ၂ သန်းကတော့ မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေကို ထောက်ပံ့ဖို့အတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးကို ပေးအပ်မှာ ဖြစ်ပါတယ်။
နောက်ထပ် ဒေါ်လာ ၁ ဒသမ ၇၅ သန်းကတော့ လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေဆီကို ကနေဒါ လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေး ရန်ပုံငွေကနေ ပေးအပ်သွားမယ်လို့ ဧပြီ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကနေဒါနိုင်ငံက ထည့်ဝင်လှူဒါန်းထားတဲ့ ကုလသမဂ္ဂ ဗဟို အရေးပေါ်ရန်ပုံငွေနေ ငလျင်ဘေးသင့် မြန်မာပြည်သူတွေ အရေးပေါ်လိုအပ်နေတဲ့ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ အမေရိကန်ဒေါ်လာ ၅ သန်း အသုံးပြုမယ့်အပေါ် ကနေဒါနိုင်ငံအနေနဲ့ ကြိုဆိုတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။