
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ချာ့တူချက် ပန်းခြံအနီးက ဆောက်လက်စ အထပ်မြင့် အဆောက်အအုံ ပြိုကျပျက်စီးခဲ့ရာမှာ အလုပ်သမား ရာနဲ့ချီ ပိတ်မိခဲ့ပြီး၊ ထိုင်းကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးသူတွေကို လက်ရှိ အချိန်ထိ ရှာဖွေနေပါတယ်။
ငလျင်ကြောင့် ပြိုကျမှုဖြစ်စဉ် ၁၀ ရက် မြောက်နေ့၊ ဧပြီ ၆ ရက်မှာတော့ သေဆုံးသူ ၁၆ ယောက်၊ ဆေးရုံတက်နေသူ ၉ ယောက်၊ ကျန်ရှိသူ စုစုပေါင်း ၇၈ ယောက်ရှိတယ်လို့ မြေပြင်မှာ သတင်း ထုတ်ပြန်ထားပါတယ်။ ကျန်ရှိသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက် ရှာဖွေနေပါတယ်။
ပျောက်ဆုံးနေသူတွေထဲ မြန်မာရွှေ့ပြောင်းလုပ်သား အယောက် ၃၀ ကျော် ပါဝင်တယ်လို့ ကနဦး သိရပြီး၊ ပျောက်ဆုံးသူတွေအတွက် မိသားစုဝင်၊ ဆွေမျိုးတွေ အမြန်ဆုံး အမှုဖွင့် တိုင်ကြားဖို့ WAG အလုပ်သမား ကူညီရေးအဖွဲ့က တိုက်တွန်းပြောပါတယ်။
WAG မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းက “အခုဆိုရင် ပျောက်ဆုံး လူဦးရေ ၁၀၀ ကျော် စာရင်း ထွက်လာပြီ။ ထိုင်းဆိုရင် ထိုင်းလူမျိုး ဘယ်နှယောက် ပျောက်တယ်ဆိုတဲ့စာရင်း ထွက်တယ်။ တိုင်တဲ့လူနဲ့ အမှုဖွင့်တာနဲ့ ကွက်တိ ဖြစ်တယ်။ ကျနော်တို့ မြန်မာလူမျိုးက စာရင်းပဲ ရှိတယ်။ ဒါပေမဲ့ အမှုဖွင့်တိုင်ကြားတာ တအားနည်းနေတယ်။ လူပျောက်စာရင်း တိုင်ကြားတာ တအားခက်နေတယ်။ ဒီဆိုက်မှာ လုပ်တာ သိနေတယ်၊ မှန်ကန်တယ်ဆိုရင် ဆွေမျိုးတွေ လာရောက်ပြီး အမှုဖွင့်စေချင်ပါတယ်”လို့ DVB ကို ပြောပါတယ်။
ဘန်ကောက် ငလျင် အဆောက်အအုံပြိုကျမှုအတွင်း သေဆုံးခဲ့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တယောက်ကို ထိုင်းဘတ်ငွေ ၁၇ သိန်းစီ ပေးသွားမယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပြီး၊ အထောက်အထားမဲ့ အလုပ်သမားတွေအတွက်လည်း သေချာ စိစစ်ပြီး ပေးသွားမယ်လို့ သိရပါတယ်။