
မြန်မာငလျင်ဘေးအတွက် နိုင်ငံပေါင်း ၂၄ နိုင်ငံက လာရောက်ကူညီနေချိန်မှာ ရေသာခို အချောင်လိုက်နေတဲ့ အရာရှိ၊ စစ်သည်တွေကို အရေးယူသွားမယ်လို့ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
ဧပြီ ၅ ရက်က မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားတဲ့ ဗိုလ်ချုပ် ဖယ်နူဝပ် ဦးဆောင်တဲ့ ထိုင်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ပို့ဆောင်နှုတ်ဆက်ပွဲအပြီးမှာ လက်ရုံးတပ်က ညွှန်မှူးတွေကို သတိပေးပြောဆိုခဲ့တာလို့ နေပြည်တော်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေက စစ်တပ်က ဘာမှဝိုင်းမလုပ်ဘူး၊ တနေရာမှာ လူအများကြီးနေပြီး အချိန်ကုန်ခံတယ်၊ လာရင်လည်း ကယ်ဆယ်ရေးပစ္စည်းတွေ မပါဘူးလို့ တင်ပြလို့ လက်ရုံးတပ်က ဗိုလ်ချုပ်နဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေကို ခေါ်သတိပေးတာ။”
ကယ်ဆယ်ရေးကို အကြောင်းပြပြီး တပ်ရင်း၊ တပ်ဖွဲ့က အရာရှိ၊ စစ်သည်တချို့ဟာ ငလျင်ဒဏ်သင့်နေရာတွေကို မရောက်လာဘဲ နေချင်သလိုနေကြတဲ့အတွက် အရေးယူဖို့အထိ ဖြစ်လာတာလို့ စစ်မှုထမ်းတယောက်က ပြောပါတယ်။
“ရင်းမှူးတွေက နေရာတခုကို လူ ၁၀၀ လောက်ချပြီး ပျောက်သွားရော၊ အဲ့မှာရှိတဲ့သူတွေကလည်း နိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းတာနည်းတယ်။ သူတို့လုပ်ချင်တာ လုပ်တာဆိုတော့ တပ်ကအကြီးအကဲတွေကို တင်ပြတော့ ပြဿနာတက်ရော၊ ငလျင်ပြီးရင် စုံခုံအစစ်ခံရမယ့် အဖွဲ့တွေရှိတယ်။”
မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်း မြေငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းတောင်နဲ့ ပဲခူးတို့မှာ နေအိမ်အဆောက်အအုံတွေ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
စစ်ကောင်စီက လက်ရှိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၃,၄၅၅ ယောက်၊ ဒဏ်ရာရသူ အယောက် ၄,၈၄၀ နဲ့ ပျောက်ဆုံးသူ အယောက် ၂၂၀ ရှိတယ်လို့ သိရပေမဲ့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်လို့ ဝေဖန်ထောက်ပြသူတွေလည်း ရှိနေပါတယ်။ဧပြီ ၆ ရက် နေ့လယ် ၁ နာရီအထိ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရတော့ ငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၄,၂၁၂ ယောက်၊ ဒဏ်ရာရသူ ၆,၅၈၈ ယောက်၊ ပျောက်ဆုံးနေသူ ၄၄၈ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၈ ယောက်ရှိပြီလို့ သိရပါတယ်။