
ရန်ကုန်က မြို့လယ်ခေါင်နေရာတွေမှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နေရာပြန်ယူထားပြီး ငလျင်မလှုပ်ခတ်ခင်အချိန်ကထက် လုံခြုံရေးအင်အား ပိုတိုးမြှင့်ထားတယ်လို့ ရန်ကုန်မြို့ခံတွေဆီကနေ သိရပါတယ်။
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ များခဲ့တဲ့ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ရှမ်းပြည် အင်းလေးနဲ့ တခြားငလျင်ဒဏ်သင့်ဒေသတွေကို ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးဖို့ နိုင်ငံတကာကအဖွဲ့တွေ ရောက်ရှိလာချိန်မှာ ရန်ကုန်ကို အခုလို လုံခြုံရေး တိုးမြှင့်ထားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ခံတယောက်က “အခုရက်ထဲ ဆူးလေအနီးတဝိုက်မှာ လုံခြုံရေးတွေ ချထားတယ်၊ မြို့ထဲ မီးပွိုင့်ထောင့်တွေ ဆူးလေတံတားပေါ်တွေ အဲဒီလိုတွေမှာ ချထားတာ။ နောက်ပြီး ကားတွေနဲ့ ပတ်နေတယ်၊ ရဲကား စစ်ကားတွေပေါ့ အရင်ကထက် ပိုပတ်တယ်” လို့ DVB ကို ပြောပါတယ်။
နိုင်ငံတကာမှာ မျက်နှာလိုချင်တဲ့ စစ်ကောင်စီက တိုင်းပြည်မငြိမ်မသက်ဖြစ်နေကြောင်း ကမ္ဘာက သိမှာစိုးရိမ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားလာမှာကိုစိုးရိမ်ပြီး အခုလို လုံခြုံရေး တိုးမြှင့်ထားတာလို့ မြို့ခံတယောက်က ပြောပါတယ်။
“နိုင်ငံတကာကလူတွေ ရောက်နေတော့ ဆန္ဒပြတာ၊ စာချိတ်မှာ၊ ဗုံးခွဲမှာ ကြောက်တာပေါ့။ အခုက လူစုံနေတော့ အခုချိန်ဖြစ်ရင် တိုင်းပြည်က မငြိမ်မသက်ဖြစ်နေတယ်ဆိုတာ သိသွားမှာစိုးလို့ နေမှာပေါ့။ နိုင်ငံတကာက လူတချို့ကိုလည်း ရန်ကုန်အလည်အပတ်တွေ ပို့ပေးနေတယ်။ တချို့က ရန်ကုန်လေဆိပ်ကိုလာပြီးမှ ရန်ကုန်ကနေမန္တလေးတို့ တခြားနေရာတွေကို ကားတွေ လေယာဉ်တွေနဲ့ သွားရတာဆိုတော့ အဲ့လိုမသွားခင် ပို့တယ်။”
ငလျင်ကြောင့် အပစ်အခတ်ရပ်စဲထားတဲ့ စစ်ကောင်စီက မြို့ပြမှာ လုံခြုံရေးတင်းကျပ်ထားပြီး တိုင်းရင်းသားဒေသတွေကိုတော့ လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေပါတယ်။