Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် ဂျပန်က ကူညီကယ်ဆယ်ရေးလေယာဉ် ဆိုက်ရောက်မည် 
DVB
·
April 8, 2025
photo: Embassy of Japan

မြန်မာနိုင်ငံက ငလျင်ကြောင့်ဖြစ်ခဲ့တဲ့ ထိခိုက်ပျက်စီးတာတွေကို ဆက်လက်ကူညီနိုင်ဖို့ ဆေးဝါး၊ ရောဂါရှာဖွေစမ်းသပ်ကိရိယာတွေ အပါအဝင် ဆေးကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ပါဝင်တဲ့ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်ဟာ ဧပြီ ၈ ရက် ဒီနေ့မှာ မြန်မာနိုင်ငံကို ဆိုက်ရောက်လာရောက်ဖို့ရှိပါတယ်။

အဲဒီလေယာဉ်ဟာ အစောဆုံး ဧပြီ ၈ ရက်မှာ Komaki လေတပ်စခန်းကနေ မြန်မာနိုင်ငံကို ထွက်ခွာဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီ ၇ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

မတ် ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဖြစ်လာတဲ့ အမြောက်အမြား ထိခိုက်ပျက်စီးတာတွေကို ကယ်ဆယ်ကုသပေးဖို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) ရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို ဆက်လုပ်ဖို့လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံဟာ မြန်မာငလျင်ဘေးအတွက် မတ် ၃၁ ရက်မှာ အဖွဲ့ဝင် ၅ ယောက်ပါတဲ့ လေ့လာရေးအဖွဲ့ကို စေလွှတ်ခဲ့ပြီး ဧပြီ ၂ ရက်မှာ ဆရာဝန်နဲ့ သူနာပြုတွေပါတဲ့ အဖွဲ့ဝင် ၂၇ ယောက်ပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (JDR) ကို စေလွှတ်ခဲ့ပါတယ်။

မတ် ၃၀ ရက်မှာလည်း Japan-ASEAN Integration Fund (JAIF) ရဲ့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကနေ အ‌ရေးပေါ်သုံး မိုးကာစ ၂၄၀ နဲ့ ရွက်ဖျင်တဲ ၄၅၀ ကို ပို့ဆောင်ပေးခဲ့သလို ငလျင်ဒဏ်သင့် ပြည်သူတွေ အခြေခံလိုအပ်တဲ့ နေ့စဉ်သုံးပစ္စည်းတွေဖြစ်တဲ့ သန့်ရှင်းရေးပစ္စည်းတွေ၊ ရေနဲ့ ရေသန့်စက် စတာတွေကိုလည်း JICA ကတဆင့် ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဧပြီ ၂ ရက်ကလည်း အမေရိကန်ဒေါ်လာ ၆ သန်းလောက်ရှိတဲ့ အရေးပေါ်ထောက်ပံ့ငွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ပေးအပ်ဖို့ ပြင်ဆင်ထားတယ်လို့ ဂျပန်အစိုးရက ကြေညာခဲ့ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံအစိုးရအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကူညီထောက်ပံ့သွားဖို့ အပြောင်းအလဲမရှိတဲ့ မူဝါဒနဲ့အညီ ဆေးကုသရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာ အပါအဝင် မြန်မာပြည်သူပြည်သားတွေ တိုက်ရိုက်အကျိုးခံစားရရှိစေမယ့် လူသားချင်းစာနာအကူအညီတွေကို အစွမ်းကုန် ဆက်လက်ကူညီမယ်လို့လည်း ထုတ်ပြန်ထား ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013