Home
မြန်မာသတင်း
အပစ်ရပ်ထားသော်လည်း ဗန်းမော်မြို့ကို စစ်တပ်က  လေကြောင်းမှ နေ့စဉ်ဗုံးကြဲ
DVB
·
April 8, 2025

နှစ်ဖက်အပစ်ရပ်ကြေညာထားတဲ့ ဗန်းမော်မြို့ထဲ တိုက်ပွဲတွေ မရှိပေမဲ့ စစ်ကောင်စီကတော့ နေ့တိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယာယီအပစ်ရပ်ကြေညာထားပြီး အခုရက်ပိုင်းမြေပြင်မှာ နှစ်ဖက်တိုက်ပွဲမရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ ဗန်းမော်မြို့တွင်း နေ့တိုင်းလေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။

လေကြောင်းတိုက်ခိုက်တာအပြင် စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်လည်း ဗန်းမော်မြို့ပတ်ဝန်းကျင်ကို ရိက္ခာပုံမှန်လာချလေ့ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဗန်းမော်က ဒီနေ့လည်း ၃ ခေါက်လောက် လာကြဲသွားတယ် ဂျက်လေယာဉ်နဲ့။ Y12 နဲ့လည်း နေ့တိုင်းလိုလို လာကြဲတာရှိတယ်။ ပြီးတော့ သူတို့ ထောက်ပို့လေယာဉ်နဲ့ရော နေ့တိုင်းပဲ ရိက္ခာတွေ ဗန်းမော်မြို့ပတ်ဝန်းကျင်ကို ပုံမှန်လာချတယ်။ ဂျက်လေယာဉ်နဲ့ လာချတာ၊ Y12 နဲ့ လာချတာ၊‌ ထောက်ပို့လေယာဉ်တွေလည်း လာတာနဲ့ လေကြောင်းတိုက်ခိုက်မှုကတော့ နေ့စဉ်ပုံမှန်လိုပဲ။”

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီအပစ်ခတ်ရပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့‌နောက် KIO ဘက်ကလည်း ခုခံကာကွယ်ခြင်းမှအပ ထိုးစစ်တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် ရည်ညွှန်းပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှု စတင်ရပ်စဲခဲ့တဲ့ ဧပြီ ၂ နဲ့ ၃ နေ့တွေမှာပဲ ဗန်းမော်မြို့ကို Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၃၀ နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ တက္ကသိုလ်ဝင်းထဲက ထွက်လာတဲ့အခါ ပစ်ခတ်တာကလွဲပြီး လက်ရှိမြေပြင်မှာတော့ နှစ်ဖက်တပ်ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်နေတာ မရှိဘူးလို့ KIA သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

“ဗန်းမော်မှာက ဒီရက်ပိုင်း မြေပြင်မှာ ပစ်ခတ်တာတွေနဲ့ တိုက်ပွဲတွေတော့ မရှိဘူး။ အဓိက စကစဘက်က လေကြောင်းတိုက်ခိုက်မှုကိုပဲ ပိုပြီးလုပ်နေတယ်။ ကျနော်တို့ဘက်ကတော့ ဗန်းမော်မှာတော့ မြေပြင်ထိုးစစ်မရှိဘူး။ နှစ်ဖက်တပ်မြေပြင်မှာလည်း ပစ်ခတ်တာတွေမရှိဘူး။”

ဒီဇင်ဘာ ၄ ရက်နေ့က စတင်ခဲ့တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကတော့ ဧပြီ ၄ ရက်နေ့က ၄ လ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ဗန်းမော်မြို့ပေါ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လေယာဉ်ကွင်း၊ တပ်ရင်းတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပေမဲ့ စစ်ကောင်စီရဲ့ အရေးပါတဲ့ စစ်ကွပ်ကဲရေးဌာနချုပ် စကခ ၂၁နဲ့ ကျန်နေတဲ့ တပ်ရင်းတွေကို သိမ်းပိုက်နိုင်ဖို့ လိုသေးတာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း ငလျင်ဒဏ်ခံစားနေရချိန်မှာ KIA ဘက်က ထိုးစစ်တွေ ရပ်တန့်ထားခဲ့ပေမဲ့ စစ်ကောင်စီက ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဝိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို တချို့နေရာတွေမှာတော့ စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ 

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013