
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက ကျေးရွာတွေကို ဧပြီ ၆ ရက် ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ တယောက်သေဆုံးကာ ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဘုတလင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မုံရွာခရိုင် အမှတ် ၂၀ တပ်ရင်းရဲ့ ရဲဘော်ဒီးဒီး က “အုတ်ကျင်းရွာထဲနဲ့ ကုက္ကိုစုရွာမြောက်ဘက်တွေမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ နမခ ထဲက တက်လာတဲ့ Paramotor (စက်တပ်လေထီး) နဲ့ ဗုံး ၂ လုံးကြဲသွားတာပါ။ ပြည်သူသေဆုံးဒဏ်ရာရတာတွေရှိပါတယ်။ နွား ၂ ကောင်လည်း သေတယ်လို့တော့ သိထားရတယ်။ လူနေအိမ်တွေ ထိခိုက်ပျက်စီးသေးတယ်။ အဲ့ဒိရွာတွေက ရွာသားတွေလည်း ထွက်ပြေးလာကြလို့ အိမ်ဘယ်နှလုံး ပျက်စီးကုန်တယ်ဆိုတာတော့ အတိအကျမသိရသေးဘူးဗျ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အုတ်ကျင်းကျေးရွာနေ ဦးအောင်ဇော်မင်းဟာ နေရာမှာတင် သေဆုံးသွားခဲ့ရပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ငလျင်ဒဏ်ကယ်ဆယ်ရေးတွေအတွက် ကျနော်တို့ဘက်က အပစ်ရပ်ဖို့ ကြေညာထားသလို သူတို့ဘက်ကလည်း အပစ်ရပ်ဖို့ ကြေညာထားတဲ့ကြားကနေ စစ်တပ်ဘက်က အခွင့်ကောင်းယူပြီး တိုက်ခိုက်တာတွေ ဆက်လုပ်နေတာဖြစ်တယ်။ မြန်မာပြည်မှာ အရင်ခေတ်အဆက်ဆက်ကတည်းက ဘယ်အာဏာရှင်ကမှ ကတိတည်ခဲ့တာတော့မဟုတ်ခဲ့ဘူး” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က မြို့မဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်တို့ မီးလောင်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ပြည်သူ ၂ ယောက်သေဆုံး၊ ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိသွားခဲ့ကြကာ ရပ်တော်မူရုပ်ပွားတော်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမတို့လည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ ငလျင်ဘေးသင့်တဲ့ ဒေသတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မတ် ၃၀ ရက်ကစတင်ပြီး ၂ ပတ်ကြာ ရပ်နားထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း ငလျင်ဒဏ်ခံရတဲ့ဒေသတွေမှာ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။