
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ အနိမ့်ရွာ (ခေါ်) သုံးပန်လှရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဧပြီ ၆ ရက် ည ၁၁ နာရီခန့်က ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်ဗုံးချသွားတဲ့ အနိမ့် (ခေါ်) သုံးပန်လှရွာမှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေဘဲ ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းရဲ့ လူနေအိမ်ပဲ ရှိတာဖြစ်တယ်လို့လည်း သိရပါတယ်။
ချောင်းဦးဒေသခံတယောက်က “လူတွေအိပ်ကောင်းနေတဲ့ အချိန်မှာ တိုက်သွားတာပေါ့။ အခုဟာက သူတို့ချတဲ့နေရာက ဒေါ်စိန်တုပ် အိမ်ပေါ်ကို ချတာ။ ချတဲ့ဗုံးသီးက ၂ လုံးချတာ။ သေဆုံးတာက အမျိုးသမီး ၂ ဦး၊ အမျိုးသားတဦး နေရာတင် သေဆုံးခဲ့ရတယ်။ ကျန်အမျိုးသမီးတဦးလည်း ခြေထောက်တဖက် ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့တယ်။ မြေပြင်မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ အကြောင်းမဲ့သက်သက်ကို လာချသွားတာပါ” လို့ ပြောပါတယ်။
အဆိုပါ စက်တပ်လေထီးဟာ မုံရွာနမခကနေ တက်လာပြီး အခုလို တိုက်ခိုက်သွားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ချောင်းဦး ပြည်သူ့ကာကွယ်ရေး ရဲဘော်တယောက်က “ဒီကောင်တွေက ရည်ရွယ်ချက်မရှိဘဲ ချတာဖြစ်မယ်။ စစ်ကိုင်းမြို့ တပ်ရင်း ၃၃ ကနေ စစ်ကား ၆ စီးနဲ့ မုံရွာဘက်လာတာကို ကင်းယူဖို့ လုပ်ပေးရင်း ဒီရွာကို အကြောင်းမဲ့ တိုက်သွားတာပါဗျ။ ဒီကောင်တွေက အတော်ကို ယုတ်မာပြီ၊ ပြည်သူတွေက ဗုံးခိုကျင်းတူးပြီး ရှောင်ကြတော့ လူတွေ အိပ်မောကျနေတဲ့ ညပိုင်းတွေကို လိုက်တိုက်ခိုက်နေကြတာ။ ပြည်သူတွေအနေနဲ့လည်း အသိ၊ သတိနဲ့ နေနိုင်ဖို့ အထူးအကြံပေးချင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဧပြီ ၆ ရက် ညနေပိုင်းကလည်း ဘုတလင်မြို့နယ် အုတ်ကျင်းရွာကို အခုလို စက်တပ်လေထီးနဲ့ ဗုံးချလို့ ပြည်သူတယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။