Home
မြန်မာသတင်း
အင်းတော်ကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေ၊ ၈ ဦးဒဏ်ရာရ
DVB
·
April 5, 2025
photo: Indaw Revolution – IR

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၁ ရက်နဲ့ ၂ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတွေသေဆုံးဒဏ်ရာရခဲပြီး ဘုန်းကြီးကျောင်းဆောင်တွေနဲ့ သာသနိကအဆောက်အအုံတွေ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ Indaw Revolution – IR က ဧပြီ ၄ ရက်နေ့ ညမှာ ထုတ်ပြန်လာပါတယ်။

Indaw Revolution – IR ရဲ့တာဝန်ရှိသူက “မိတ္ထီလာလေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ အင်းတော်မြို့မဘုန်းကြီးကျောင်းပေါ်တည့်တည့်ကို ဗုံး ၄ လုံး ကြဲချသွားခဲ့တာပါ။ အင်းတော်ဘုန်းကြီးကျောင်းနဲ့ အဲဒီကျောင်းဝန်းကျင်ကို ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဧပြီ ၁ ရက်နေ့၊ နေ့လယ် ၁၂ နာရီဝန်းကျင်နဲ့ ဧပြီ ၂ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်မှာ အင်းတော်မြို့မဘုန်းကြီးကျောင်းနဲ့ ဝန်းကျင်တွေကို ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့မဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်တို့ မီးလောင် ပျက်စီးခဲ့သလို ရပ်တော်မူရုပ်ပွားတော်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမတို့လည်း ပျက်စီးပြီး ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ပြည်သူ ၂ ယောက် သေဆုံး၊ ၈ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုင်းတာဝန်ခံတယောက်က “ပြည်သူတွေ ငလျင်ဒဏ်ကို အလူးအလဲခံစားနေရချိန်မှာ စစ်တပ်ဘက်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထဲထဲဝင်ဝင် ကူညီဆောင်ရွက်တာမရှိတဲ့အပြင် စစ်ကိုင်းတိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှု တွေကို ဆက်တိုက်ပြုလုပ်နေတာဖြစ်တယ်။ အခု အင်းတော်ဘုန်းကြီးကျောင်းကုန်းကို ဗုံးကြဲသွားတာကလည်း တိုက်ပွဲဖြစ်တာမရှိဘူး။ ဘုန်းကြီးကျောင်းကုန်းနဲ့ သူတို့ စကစ စခန်းကုန်းနဲ့က နီးနီးလေးရယ်။ အဲဒီစခန်းကုန်းမှာ Non CDM တွေ၊ ရဲ၊ စစ်သားနဲ့ပျူတွေရှိကြတယ်။ ဒဏ်ရာရတဲ့ ၈ ယောက်ကျော်က အဲဒီဘက်အခြမ်းကဆိုတော့ သူတို့ဘက်ကမှားပြီးကြဲတယ်လို့ဘဲယူဆရတယ်” လို့ DVB ကို ပြောပါတယ်။

အခုဗုံးကြဲတိုက်ခိုက်ခံရတဲ့ အင်းတော်မြို့မဘုန်းကြီးကျောင်းနဲ့ စစ်ကောင်စီစခန်းကုန်းတွေဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့မြို့သိမ်းတိုက်ပွဲမှာ ပြည်သူတွေ ယာယီစစ်ဘေးရှောင်နေထိုင်ခဲ့ကြပြီးနောက် အခုအချိန်မှာတော့ ပြည်သူနည်းနည်းပဲရှိတော့ပြီး စစ်ကောင်စီလက်အောက်ခံတွေနဲ့နီးစပ်သူတွေပဲ အများဆုံးကျန်တော့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

မတ် ၂၈ ရက်မှာ လှုပ်ခတ်သွားတဲ့ငလျင်ဒဏ်သင့်ပြည်သူတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ယာယီ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားတယ်လို့ စစ်ကောင်စီတပ်က ကြေညာထားပေမဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်တာတွေနဲ့ ကျေးရွာတွေအတွင်း စစ်ကြောင်းထိုးဝင်ရောက် မီးရှို့ဖျက်ဆီးတွေ ဆက်တိုက်လုပ်နေတယ်လို့လည်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013