
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဧပြီ ၁ ရက် ညဦးပိုင်းမှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “မင်းတပ်မြို့ပေါ်ကို စစ်တပ်က ဂျက်ဖိုက်တာ တိုက်လေယာဥ်တွေနဲ့ ၂ ကြိမ် ကြဲချသွားတာပါ။ ပေါင် ၅၀၀ ဗုံး ၂ လုံးပါ” လို့ ပြောပါတယ်။
စစ်ကောင်တပ်ဟာ မင်းတပ်မြို့ပေါ်ကို ဧပြီ ၁ ရက် ညနေ ၆ နာရီခွဲဝန်းကျင်မှာ တကြိမ်နဲ့ ည ၁၀ နာရီခွဲဝန်းကျင်မှာ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မင်းတပ်မြို့ပေါ်က ပြည်သူတွေ ပြန်လည်နေထိုင်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့တဲ့ မတ် ၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေဟာ မင်းတပ်မြို့ပေါ်ကို ပြန်လည်ရောက်ရှိနေကြပြီလို့လည်း ဆိုပါတယ်။
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိတဲ့ ကိုယောမောင်က “မြို့ပေါ်မှာ ပြည်သူတွေ ပြန်ပြီးနေထိုင်နေတာတော့ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ သိရသလောက်တော့ လူနေအိမ်တွေ ထိခိုက်သွားတယ် ဆိုတာလောက်ပဲ အတည်ပြုနိုင်သေးတယ်။ ဖုန်းလိုင်းဆက်သွယ်ရေး အခက်အခဲကြောင့် မြို့ပေါ်အခြေအနေကို မသိရသေးဘူး။ မြေပြင်တိုက်ပွဲမရှိဘူး။ ကျနော်တို့ဘက်ကလည်း တိုက်ပွဲတွေ ရပ်တန့်ပေးထားတယ်။ နောက်ပြီးတော့ ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလထဲမှာ လေကြောင်းတိုက်ခိုက်တာတွေ ရပ်တန့်ပေးဖို့ ကျနော်တို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီဘက်ကို တိုက်တွန်းထားတဲ့ကြားက အခုလို လေကြောင်းတိုက်ခိုက်သွားတာ ဖြစ်တယ်” လို့ DVB ကို ပြောပါတယ်။
မတ် ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ငလျင်ဘေးအန္တရာယ် အရေးပေါ်ကာလအတွင်း စစ်ကောင်စီတပ်အနေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ချက်ချင်းရပ်တန့်ဖို့ ချင်းအမျိုးသားတပ်ဦး (CNF) က မတ် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့ပေါ်ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာ ၁၇ ရက် မနက် ၆ နာရီဝန်းကျင်ကလည်း MGI 29 ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့သလို မနက် ၈ နာရီဝန်းကျင်မှာလည်း Y 12 လေယာဥ်နဲ့ ၁၂၀ မမ ဗုံးသီး ၃ လုံးတွဲ၊ ၅ လုံးတွဲ၊ ၈ လုံးတွဲနဲ့ ၁ နာရီနီးပါးကြာ ဗုံးသီးအလုံး ၆၀ ကျော်ကို ၁၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။
အခု ၂၀၂၅ ခုနှစ်၊ နှစ်စပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့တွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းပါတယ်။