Home
မြန်မာသတင်း
မိုးညှင်းမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ထိခိုက်သေဆုံးမှုများနိုင်
DVB
·
April 1, 2025

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် KIA တပ်မဟာ ၈ နယ်မြေအတွင်း စစ်ကောင်စီက မတ် ၃၁ ရက်နေ့ ညမှာ တိုက်လေယာဥ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ မြေ‌ပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ဖုန်း အင်တာနက်လိုင်းခက်တော့ အတိအကျ ပြောရခက်တယ်။ ထိခိုက်သေဆုံးမှု တော်တော်များတယ်လို့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ တချို့ကလည်း အယောက် ၄၀ လောက် သေတယ်၊ ထိခိုက်ဒဏ်ရာရသူလည်း များတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရဘူး။ အဲဒီမှာ တိုက်ပွဲမရှိဘူး။ ဘာတိုက်ပွဲမှ မရှိဘူး။ အဲတာကို လာပစ်သွားတာ။”

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကိုတော့ DVB က ဆက်သွယ်စုံစမ်းနေပါတယ်။

စစ်ကောင်စီက ဗန်းမော်တိုက်ပွဲအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းပြုလုပ်နေပြီး မြေပြင်မှာလည်း ထိတွေ့ တိုက်ပွဲတွေ ရှိနေတယ်လို့ သိရပါတယ်။

မတ် ၃၁ ရက်က ဖားကန့်သွားလမ်း တနိုင်-လီဒို လမ်းမပေါ်ရှိ လဝါးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၂ တပ်ရင်း ၂၀ နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ထုတ်နိုင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြထားပါတယ်။

တနိုင်း-လီဒိုလမ်းရှိ လဝါးကျေးရွာမှာ မတ် ၂၁ ရက်က မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က လဝါးကျေးရွာအတွင်း ထိုးစစ်ဆင်ဝင်ရောက်လာကြောင့် တိုက်ပွဲဖြစ်ခဲ့ပြီး မတ် ၂၅ ရက်မှာ လဝါးဘက် မရန်ကထောင်ဂိတ်နဲ့ ကားမိုင်းဗျူဟာကုန်းရှိ စစ်ကောင်စီတပ်တွေ အင်အားလာရောက်ပူးပေါင်းခဲ့ပေမဲ့ မတ် ၃၁ ရက်မှာ KIA က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဒီကနေ့ ဧပြီ ၁ ရက်နေ့ မနက်မှာလည်း ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာဘက်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ငလျင်ဘေးဒဏ်ကို အပြင်းအထန်ခံနေရပေမဲ့ စစ်ကောင်စီကတော့ ကချင်ပြည်နယ်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်ဒေသတွေကို လေကြောင်းကနေ နေ့တိုင်းတိုက်ခိုက်နေသလို မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013