မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို မတ် ၂၇ ရက်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတယောက် သေဆုံးကာ ဦးပဥ္စင်း တပါး အပါအဝင် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို မတ် ၂၇ ရက် မနက် ၃ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ကျေးရွာစာသင်ကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ တောင်သာနယ်ထဲမှာရှိတဲ့ လှည်းကုန်းမရွာ စာသင်ကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံး ၉ လုံး ကြဲချ တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိခိုက်ပျက်စီးသွားသလို လူနေအိမ် ၄ လုံးထက်မနည်းလည်း ပျက်စီးသွားပြီး ကျေးရွာနေ ပြည်သူပိုင် ခိုင်းနွားတွေလည်း ဗုံးစထိမှန် ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
မတ် ၂၇ ရက် ညနေ ၅ နာရီခွဲဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ထန်းပုကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ ပြည်သူတယောက် သေဆုံးပြီး ဘုန်းကြီးတပါး အပါအဝင် ပြည်သူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီဆီကနေ သိရပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ပင်မသပိတ်ကော်မတီဝင်တယောက်က “စက်တပ်လေထီးက မြစ်ကြောင်းအတိုင်း အထက်ဆန်တက်သွားပြီး အပြန်မှာ ထန်းပုရွာဘုန်းကြီးကျောင်းပေါ် တည့်တည့်ကနေ ဗုံးကြဲသွားတာ။ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတယောက်ကတော့ နေရာမှာ ဆုံးသွားပါတယ်။ ဘုန်းကြီးကျောင်းက ဦးပဥ္စင်း တပါးနဲ့ ကလေးငယ်တွေ အပါအဝင် ရွာခံ ၄ ယောက်ကတော့ ဒဏ်ရာတွေရခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားစေတီတွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေအပြင် စစ်ဘေးရှောင်စခန်းတွေကို ဝေဟင်စစ်ဆင်ရေးအနေနဲ့ တော်လှန်ရေးထဲမှာ လူထုတွေရဲ့ စိတ်ဓာတ်တွေချောက်ချားအောင် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေး ထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာပေးကြဖို့နဲ့ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူအချင်းချင်းတွေ ကြားမှာလည်း စစ်တပ်ရဲ့လေယာဥ်သံကြားရင် အချက်ပေးပြီး ကြိုတင် ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ်ပြုလုပ်ကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။