
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယာကြီးကျေးရွာအနီးကို စစ်တပ်က ဧပြီ ၁ ရက် ညနေ ၅ နာရီကျော်မှာ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မုံရွာမြို့ အနောက်မြောက်တိုင်း နမခ စစ်တပ်ကနေ စက်တပ်လေထီး paramotor နဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
ယာကြီးရွာသားတယောက်က “ကျနော်တို့ ယာကြီးရွာအနီး မုံရွာ-ယာကြီး-ကလေး လမ်းမကြီးဘေးကို ပစ်သွားတာဗျ။ စစ်တပ် လေထီးပါယာဉ်နဲ့ ပစ်တာဗျ။ လူကတော့ ထိခိုက်မှုမရှိဘူး။ လယ်ကွင်းထဲတွေထဲ ကျတယ်။ ကျနော်တို့ကတော့ သွားမကြည့်ရဲလို့ သွားမကြည့်ဘူး။ ကာကွယ်ရေးအဖွဲ့တွေတော့ ရှင်းလင်းရေး လုပ်သွားကြတယ်ဗျ” လို့ ပြောပါတယ်။
ယာကြီးရွာအနီးမှာ စစ်တပ်ရဲ့ ဆက်သွယ်ရေးတာဝါတိုင်စခန်းတခု ရှိတာကလွဲပြီး ဒေသတွင်း တိုက်ပွဲဖြစ်တာ မရှိဘူးလို့လည်း သိရပါတယ်။
ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ကိုဉာဏ်က “မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ သူတို့ကြဲချင်လို့ကို လာကြဲတာပါ။ လာကြဲတဲ့ လေယာဉ်က ၂ ယောက်စီး Paramotor စက်တပ်လေထီးပါယာဉ်နဲ့ လာကြဲချသွားတာပါ။ ဗုံးသီး ၄ လုံးကို ၂ ခေါက်ပတ်ပြီး ကြဲတာဗျ။ ၂ လုံးပေါက်ကွဲပြီး ၂ လုံးက မပေါက်ကွဲဘူး။ ဗုံးသီးအမျိုးအစားက ၆၀ မမတွေပါ” လို့ ပြောပါတယ်။
ကနီမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး မပြုလုပ်တော့ဘဲ စက်တပ်လေထီး အပါအဝင် လေယာဉ်တွေနဲ့ အကြိမ်ကြိမ် တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ခုလို လေကြောင်းကနေ စစ်တပ်က ကနီမြို့နယ်အတွင်း ကျောက်လှေကားရွာ၊ ဆူးလေကုန်းရွာ၊ နတ်ကြီးရွာ၊ မုဌောရွာ၊ ချောင်းမရွာ၊ နွားခြံကုန်းရွာ၊ နတ်လာပို့ရွာတွေကို တိုက်ခိုက်လို့ အရပ်သားတွေ သေဆုံးထိခိုက်ခဲ့ပါတယ်။