Home
မြန်မာသတင်း
ထိုင်းတနိုင်ငံလုံးရှိ တိုက်တာခိုင်ခံ့မှု ၆၀၀၀ ကျော်စစ်ဆေး၊ ၅၅ လုံး နေထိုင်ရန်မသင့်ဟု ထုတ်ပြန် 
DVB
·
April 8, 2025
photo:matichon

 

ထိုင်းနိုင်ငံမှာ မြေငလျင်တုန်ခါမှုကြောင့် ဘန်ကောက်က အထပ် ၃၀  ရှိ ဆောက်လက်စ တိုက်ပြိုကျသွားတဲ့နောက် ဆောက်လုပ်ရေးအင်ဂျင်နီယာဌာန၊ ကျွမ်းကျင်ဗိသုကာပညာရှင်အ သင်းနဲ့   မြို့ပြ အင်ဂျင်နီယာတွေပေါင်းပြီး ခိုင်ခံ့မှုမရှိတဲ့ တိုက်တာတွေ ကွင်းဆင်းစစ်ဆေးခဲ့ကြပါတယ်။ 

စစ်ဆေးရေးအဖွဲ့ဝင်ပေါင်း ၈၉ ယောက်ဟာ ဘန်ကောက်နဲ့တကွ အခြားခရိုင်မှ လာ ရောက်စစ်ဆေးပေးဖို့ အကြောင်းကြားထားတဲ့ အဆောက်အအုံတွေကို မတ် ၂၈ ရက်ကစ သွားရောက်စစ်ဆေးခဲ့တယ်၊  ဧပြီ ၆ ရက်နေ့ထိ  ဘန်ကောက်နယ်မြေမှ တိုက်တာ အဆောက် အအုံပေါင်း ၅၅၉ လုံး၊ အခြားခရိုင်မှာ ၆၃၄၄ လုံး၊ စုစုပေါင်း ၆၉၀၃ လုံး စစ်ဆေးပြီးစီးခဲ့တယ်လို့  ထုတ်ပြန်ပါတယ်။ 

အဆိုပါအဆောက်အအုံတွေမှာ ပြည်သူ့ဆေးရုံအပါအဝင် အစိုးရဌာနဆိုင်ရာရုံးတွေ၊ ပုဂ္ဂလိကပိုင် ဟိုတယ်၊ မိုတယ်၊ ကုန်တိုက် နဲ့ အထပ်မြင့် ကွန်ဒိုတိုက်ခန်းတွေ၊ အများပြည်သူရဲ့ တိုက်ခန်း၊ အိမ်ရာ နဲ့ လုံးချင်းအိမ်တွေ ပါဝင်တယ်။ 

စစ်ဆေးချက်အရ  ပျက်စီးယိုယွင်းမှုမရှိသော (အစိမ်းရောင်အဆင့်) အဆောက်အအုံ ၆၄၈၇ လုံး တွေ့ရှိတယ်၊ ဘန်ကောက်နယ်မြေမှာ ၅၁၁ လုံး နဲ့ အခြားခရိုင်မှ ၅၉၇၆ လုံး ပါဝင်တယ်လို့ ဆိုပါတယ်။ 

အနည်းငယ်ပျက်စီးယိုယွင်းသော (အဝါရောင်အဆင့်) အဆောက်အအုံမှာ ၃၆၁ လုံးရှိပြီး ဘန်ကောက်နယ်မြေက ၄၆ လုံး၊ အခြားခရိုင်မှ ၃၁၅ လုံး ပါပါတယ်။ 

ပျက်စီးပြီး နေထိုင်အသုံးပြုဖို့ မသင့်သော အဆောက်အအုံ ၅၅ လုံးတွေ့ရှိတယ်၊ အဲဒီထဲမှာ ဘန်ကောက်မှ  ၂ လုံး၊ အခြားခရိုင်မှ ၅၃ လုံးပါဝင်တယ်။ 

မိမိပိုင်နေအိမ်တိုက်တာ ခိုင်ခံ့မှုရှိမရှိ စစ်ဆေးလိုသူတွေအနေနဲ့ မြေငလျင်ထိခိုက်မှုနဲ့ပတ် သက်သော တိုင်ကြားရေးဌာန အရေးပေါ်ဖုန်းလိုင်း ၁၅၃၁၊ ၀၂ ၂၉၉ ၄၁၉၁ နဲ့ ၀၂ ၂၉၉ ၄၃၁၂ စတဲ့ ဖုန်းနံပါတ်တွေဆီ ၂၄ နာရီ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။ 

မတ် ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှူပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့်  ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်အစရှိ မြို့ကြီးပြကြီးတွေဆီ တုန်ခါမှုကို သိသာစွာခံစားခဲ့ရတယ်၊ ဘန်ကောက်ကျဒူးကျတ် နယ်မြေရှိ ဆောက်လက်စ အထပ် ၃၀ တိုက် ပြိုကျခဲ့တယ်၊  အချို့အဆောက်အအုံတွေမှာ အက်ကွဲကြောင်းတွေ ပေါ်လာတာကြောင့် ပြည်သူတွေဟာ အထပ်မြင့်တိုက်တွေပေါ် နေထိုင်ဖို့  စိတ်ချယုံကြည်မှု လျော့ကျသွားတယ်လို့ ထိုင်းဘီပီအက်စ် သတင်းဌာနက  ဒေသတွင်းနေပြည်သူတွေကို မေးမြန်းပြီး ဖော်ပြပါတယ်။ 

အဲဒီကာလတွေအတွင်း ကွန်ဒိုတိုက်မြင့်ပေါ်နေထိုင်သူအချို့ အခြားနေရာတွေ ပြောင်းရွှေ့နေ ထိုင်တာရှိသလို  ကွန်ဒိုတိုက်ခန်း နဲ့ အထပ်မြင့်တိုက် အရောင်းကြော်ငြာတွေလည်း များလာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။  

ကိုးကား - Matichon / ThaiPBS / CH3 TV News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013