Home
မြန်မာသတင်း
မိုင်းဆတ်ဒေသ ရွှေတူးဖော်မှုကြောင့် ထိုင်းနိုင်ငံ နမ့်ခုတ်မြစ်ရေ ညစ်ညမ်း 
DVB
·
April 6, 2025

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်ဒေသထဲက ရွှေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ်ထဲ ဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ခုတ်မြစ်ထဲမှာ အာဆင်းနစ်ဓာတ်တွေ တွေ့ရှိတယ်လို့ Thai PBS သတင်းမှာ ဖော်ပြပါတယ်။

နမ့်ခုတ်မြစ်ရေဟာ ဒီနှစ်ထဲမှာ ထူးခြားစွာ နောက်ကျိနေပြီး အဲဒီရေကို သွားကစားတဲ့ ကလေးတွေ၊ ရေသွားချိုးတဲ့ ‌ဒေသခံတွေမှာ အရေပြားယားယံမှုတွေ ခံစားရတယ်လို့  သိရှိရတဲ့အတွက် တာဝန်ရှိသူတွေဟာ ရွာ ၃ ရွာအနီးက ရေတွေကို ဓာတ်ခွဲစစ်ဆေးခဲ့ကြတယ်လို့ ချင်းမိုင်ခရိုင်  သဘာ၀ပတ်ဝန်းကျင်နဲ့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူး  အာဝီရဖတ်ခ်မတ်က ဧပြီ ၄ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ  အဆိုပါရေထဲမှာ ကျန်းမာရေးထိခိုက်စေတဲ့ အာဆင်းနစ်ဓာတ်တွေ ပါရှိတာကို တွေ့ရတယ်၊ သာမန်ရေထဲမှာ အာဆင်းနစ်ဓာတ် ဘေးကင်းမှုစံနှုန်း တလီတာကို ၀ ဒသမ ၀၁ မီလီဂရမ်သာ သတ်မှတ်ထားပေမဲ့ မဲ့အိုင်းမြို့နယ်၊ ထာ့ဒွန်းရွာအနီးက ရေထဲမှာ ၀ ဒသမ ၀၁၂ မီလီဂရမ်၊ ကဲန်ဒွန့်ကျေးရွာအနီးက ရေထဲမှာ ၀ ဒသမ ၀၂၆ မီလီဂရမ်၊ ဖာဒိုက်ကျေးရွာ အနီးက ရေထဲမှာ ၀ ဒသမ ၀၁၃  မီလီဂရမ် လွန်ကဲစွာ ပါဝင်နေတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပါဝင်တဲ့ရေတွေဟာ အရေပြားကို ယားယံစေပြီး အဖုအပိန့်တွေက တဖြည်းဖြည်း မည်းလာမယ်၊ သောက်သုံးမိပါက ဝမ်းသွားစေတယ်၊ ရေရှည်မှာ ကင်ဆာရောဂါဖြစ်နိုင်တယ်၊ ဒါကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ အဆိုပါမြစ်ရေ သောက်သုံးခြင်း ရှောင်ကြဉ်သင့်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကို ခရိုင်ဝန်ထံ တင်ပြထားပြီး ခရိုင်ရုံးက ရွာသားတွေအတွက် သန့်ရှင်းတဲ့ရေ လုံလောက်စွာ ရရှိရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံးရေတွေရရှိရေး ကော်မတီဖွဲ့ဆောင်ရွက်ဖို့၊ နမ့်ခုတ်မြစ်ရေကြောင့် ကျန်းမာရေးပြဿနာလက္ခဏာတွေ့ရှိက သက်ဆိုင်ရာကို အကြောင်းကြားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်ဘက်ကနေ စီးဆင်းလာတဲ့ နမ့်ခုတ်မြစ်ဟာ ထိုင်းဘက်ခြမ်းမှာ အရှည် ၂၈၅ ကီလိုမီတာ ရှည်လျားပြီး ချင်းမိုင်ခရိုင် မဲ့အိုင်းမြို့နယ်၊ ချင်းရိုင်းခရိုင် ချင်းရိုင်းနဲ့ ကျိန်းဆဲန်မြို့နယ်တွင်း ဖြတ်သန်းကာ မဲခေါင်မြစ်အတွင်း စီးဆင်းသွားပါတယ်။

ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ နမ့်ခုတ်မြစ်ထဲမှာ UWSA ဝ တပ်ဖွဲ့က ၂၀၀၄-၂၀၀၅ ခုနှစ်ထဲမှာ တရုတ်ကုမ္ပဏီတွေနဲ့ ပေါင်းပြီး ရွှေသတ္တုတူးဖော်ရေးတွေ ဆောင်ရွက်လာတယ်၊ ကုမ္ပဏီ ၄ ခုမှ လုပ်သားအင်အား ၃၀၀ ကျော်နဲ့ နေ့ရောညပါ ၂၄ နာရီ တူးဖော်နေတာရှိတယ်၊ ရွှေတူးဖော်မှုမှာ အာဆင်းနစ်ပါ အသုံးပြုရပြီး အဲဒီက စွန့်ပစ်ပစ္စည်းတွေဟာ မြစ်ထဲစီးဝင်တယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Source : Thai PBS / The Nation TV

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013