
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ရှိ ၁၄ မြို့နယ်မှာ သင်္ကြန်ကာလအတွင်း ပြည်သူတွေ လိုက်နာရမယ့် စည်းကမ်း ၆ ချက်ကို ULA/AA က ထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၃ ရက်နေ့စွဲနဲ့ ULA/AA ထုတ်ပြန်လိုက်တဲ့ စည်းကမ်း ၆ ချက်မှာ လူတွေ အများကြီး တင်ဆောင်လာတဲ့ ကားတွေနဲ့ မြို့ပေါ်လှည့်ပတ်တာ ရေကစားတာ မပြုလုပ်ရ၊ တမြို့နဲ့တမြို့ တရွာနဲ့တရွာ ကားတွေနဲ့ ကခုန် လည်ပတ်သွားလာပြီး ရေကစားတာ မပြုလုပ်ရဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်မဏ္ဍပ်ဆောက်ပြီး ရေကစားတာ မပြုလုပ်ရ၊ Show ပွဲ ကျင်းပတာ မပြုလုပ်ရ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာ၊ အလှူအတန်း ပြုလုပ်တာတွေကို လူစုလူဝေးနဲ့ မပြုလုပ်ရ၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူတွေနဲ့ အနှောင့်အယှက်ဖြစ်စေတဲ့ လုပ်ရပ်တွေကို မပြုလုပ်ရ စတဲ့ အချက်တွေပါဝင်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ အဲဒီစည်းကမ်းသတ်မှတ်ချက်တွေကို ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းရဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေက အကျိုးသင့် အကြောင်းသင့် ရှင်းပြပေးတာ၊ မေတ္တာရပ်ခံတာတွေ ပြုလုပ်ပေးရမှာဖြစ်ပြီး ပြည်သူတွေကလည်း အခြေအနေအရပ်ရပ်ကို ထောက်ရှုပြီး စိတ်ရှည်သည်းခံမှုနဲ့အတူ တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။
အဲဒီစည်းကမ်းချက်တွေကို လိုက်နာမှုရှိ၊ မရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေက စောင့်ကြည့်ကြပ်မတ်ပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။