Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် ပြည်သူအချို့ ဒဏ်ရာရ
DVB
·
April 3, 2025

ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့သလို မောင်တောမြို့နယ်မှာလည်း စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ပြည်သူ ၂  ယောက် ဒဏ်ရာရသွားပါတယ်။

ဂွမြို့နယ်၊ ကျိန္တလီတိုက်နယ်၊ ဆားချက်ကြီးရွာနားက တောင်ပေါ်မှာ မတ် ၃၀ ရက် မနက် ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး ဟင်းရှာသွားတဲ့ ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျိန္တလီဒေသခံ တယောက်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ ဆားချက်ကြီးကျေးရွာက အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင် ဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိကာ ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်သွားပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရပါတယ်။

တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှာလည်း မတ် ၃၁ ရက် မနက် ၇ နာရီကျော်လောက်က တောင်ပေါ်မှာ ထင်းခွေသွားတဲ့ အမျိုးသမီးတယောက် စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ဒဏ်ရာရရှိသူကတော့ ကြိုးကြာကွင်းကျေးရွာက ဒေါ်အောင်မြေ ဖြစ်ပြီး စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိကာ ဘယ်ဘက်ခြေထောက်တဖက် ပြတ်ထွက်သွားကာ ညာဘက်ခြေထောက်မှာလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့လို့ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။

သံတွဲမြို့နယ်မှာလည်း မတ် ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ထောင်ထားခဲ့တဲ့ စစ်ကျန်မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူတယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မောင်တောမြို့နယ်၊ ချရားတန်းကျေးရွာမှာလည်း မတ် ၂၈ ရက် ညနေ ၅ နာရီလောက်က စစ်ကျန်ဗုံးသီးတလုံး ပေါက်ကွဲခဲ့လို့ အမျိုးသား ၂ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့သူကတော့ အသက် ၂၀ အရွယ် ကိုမာန်ကောက်ရဲ့ နား နှစ်ဘက်လုံးပင်းသွားကာ အသက် ၁၅ နှစ်အရွယ် မောင်နေလင်းဟိန်းရဲ့ လက် ၃ ချောင်းမှာ ပွန်းပဲ့ ဒဏ်ရာရရှိခဲ့လို့ ဆေးဝါးကုသမှုခံယူနေရ ပါတယ်။

ကိုမာန်ကောင်ဟာ ရွာအပြင်က စစ်ကျန်ဗုံးသီးတလုံးရလာခဲ့လို့ ကိုနေလင်းဟိန်းနဲ့ အတူ ဓားနဲ့ ထုခွဲကြရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာတွေရရှိခဲ့ကြတာလို့ ဒေသခံက ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာလည်း မတ် ၁၉ ရက် ညနေပိုင်းမှာ စစ်ကျန်ဗုံးသီးကို ဆော့ကစားရာက လူငယ်တယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013