
မြန်မာစစ်တပ်ဟာ ငလျင်ဘေးသင့်ဒေသက ပြည်သူတွေအတွက် အရေးကြီးတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေကို ကန့်သတ်ထားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ဧပြီ ၄ ရက်မှာ ပြောပါတယ်။
မန္တလေးတမြို့လုံး ကယ်ဆယ်ရေးလုပ်ငန်းတွေက ပရမ်းပတာတွေဖြစ်ကြောင်း၊ တချို့ ပျက်စီးတဲ့ နေရာတွေမှာ ရုပ်အလောင်းတွေ မထုတ်နိုင်သေးတာမျိုးတွေ ရှိပါတယ်။ အတားအဆီးတွေ ရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရကြောင်း စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။
လက်ရှိအချိန် မန္တလေးမြို့ ငလျင်ဒဏ်သင့်ဒေသခံတွေဟာ လမ်းမပေါ်ထွက် နေထိုင်နေရပြီး အမှိုက်စွန့်ပစ်တာတွေကြောင့် ဝမ်းရောဂါဖြစ်ပွားမှာကိုလည်း မြို့နေလူထုက စိုးရိမ်နေကြပါတယ်။
ပြည်ပအကူအညီတွေနဲ့ ပြည်တွင်းက ထောက်ပံ့မှုတွေသာ ရခဲ့မယ်ဆိုရင် ငလျင်ဒဏ်ခံစားခဲ့ရတဲ့ နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူတွေကို အချိန်မီ ကယ်တင်နိုင်မှာပါလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဘေးအပြင် ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဆက်လက်ရှိနေပြီး လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကလည်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှု ၅၃ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
ဒါဟာ မတ် ၂၈ ရက်နေ့ ငလျင်စလှုပ်တဲ့ အချိန်ကတည်းက စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုတွေ အများအပြားလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း စစ်တပ်က ကြေညာထားပြီးနောက်လည်း တိုက်ခိုက်မှု ၁၆ ကြိမ်ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters