
ငလျင်ဘေးသင့်ချိန် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်၊ တောင်းခမ်းနဲ့ မန္တလေးတိုင်းထဲက သပိတ်ကျင်းမြို့နယ်တွေမှာ ထိုးစစ်ဆင်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဧပြီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့နယ်ထဲမှာတော့ စစ်တပ်က ဧပြီ ၃ ရက်မှာ အင်တော၊ ကျောက်ဂူ ကနေတဆင့် မစခ ၉၀၂ ဆီကို စစ်ယာဉ်တန်း ၇ စီး အင်အားဖြည့်တင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်း ထိုးစစ်ဆင်တာကြောင့် ဧပြီ ၄ ရက် မနက်ပိုင်းမှာပဲ မစခ ၉၀၂ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ခဲ့ပါတယ်။
နောင်ချိုဒေသခံတယောက်ကတော့ တောင်းခမ်းဘက်အခြေအနေကို အသေးစိတ်မသိရပေမဲ့ မကြာသေးခင်က စကစ ဘက်ကသိမ်းပိုက်ထားတဲ့ တိမ်ပင်လယ် ခေါ် မဲပုတ်ရွာက ဒေသခံတွေ တိမ်းရှောင်နေရတဲ့အကြောင်း ပြောပါတယ်။
ဒေသခံ သတင်းရင်းမြစ်က “မဲပုတ်ရွာထဲက ရွာသားတွေအကုန်နီးပါး ဒီနေ့ရှောင်ကုန်ကြပါတယ်။ တိုက်ပွဲမဖြစ်ပေမဲ့ လက်နက်ကြီး အရမ်းကျလို့ပါတဲ့။ ဒီအချက်အရ မဲပုတ်ကို ပြန်ရတာ ဖြစ်နိုင်ပါတယ်။ လေယာဥ်ကြောင့် သတင်းမထုတ်တာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။
ဒ့ါအပြင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြိုနယ်ထဲက ၇ မိုင်မှာလည်း စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲခဲ့ကြောင်း သိရပါတယ်။ ဒါ့အတူ မတ္တရာဘက်မှာလည်း စစ်တပ်က ဧပြီ ၃ ရက်နေ့ညနဲ့ မနက်ပိုင်းအထိ တိုက်ပွဲမရှိဘဲ ဟောင်ဝစ်ဇာ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF တွေက ပြောပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဖို့ဆိုကာ စစ်ကောင်စီက ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်းကြေညာထားပြီး TNLA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တွေကတော့ ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ ၁ လတာ အပစ်ရပ်ကြောင်း ကြေညာထားကြတာ ဖြစ်ပါတယ်။