
မကွေးတိုင်း၊ ရေစကြိုမြို့မှာ မတ် ၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်က မီးလောင်ခဲ့ပြီး မီးငြှိမ်းသတ်ဖို့ လာရောက်သူတယောက်ကို စစ်တပ်က ပစ်ခတ်လို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြိုမြို့ခံ အမျိုးသားတယောက်က “ရေစကြိုမြို့ပေါ်က ကမ်းနားလမ်း၊ အမှတ် ၃ ပန်းတော် တင်ရပ်ကွက်က ဒေါ်ဆယ်သန်း ကုန်စုံဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာပါ။ ကြာချိန်တော့ ၄၅ မိနစ်လောက် ရှိတယ်။ ဘေးအိမ် ၁ အိမ်ကို ကူးပြီးတော့လည်း မီးထဲ ပါသွားခဲ့တယ်။ မီးသတ်ကား လာတာကလည်း နောက်ကျတယ်။ တော်တော်ကြာမှကိုရောက်လာတာ” လို့ ပြောပါတယ်။
မီးလောင်တဲ့နေရာကို ရေစကြိုရုံးပေါင်းစုံထဲက စစ်သားတချို့ ရောက်လာကြပြီး ပစ်ခတ်လို့ မီးငြှိမ်းသတ်ဖို့လာတဲ့ အမျိုးသားတယောက် ကျည်ရှပ်ထိသွားတာ ဖြစ်ပါတယ်။
ရေစကြိုမြို့နယ် သတင်းအချက်အလက်ကော်မတီရဲ့တာဝန်ခံတယောက်က “အဲဒီ ဒေါ်ဆယ်သန်း ဆိုင်က ကုန်စုံဆိုင်ကြီးဗျ။ အရက်ပုလင်း၊ စားဆီတွေနဲ့ ဓာတ်ဆီ၊ ဒီဇယ်တွေလည်း ရောင်းတယ်။ မီးထဲပါသွားတာ သူတို့ဆိုင်ကပစ္စည်းတွေကတော့ ဘာမှမရလိုက်ဘူးလို့ သိရတယ်။ ဘာကြောင့် မီးလောင်တယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဲဒီနေ့ညနေပိုင်းမှာပဲ ရေစကြိုမြို့ပေါ်က ကွတ်ခိုင်၊ ရပ်ကွက် ၅ ထဲမှာလည်း ဆိုလာပြားကတဆင့် မီးလောင်လို့ လူနေအိမ် ၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကာ မီးလောင်မှု ဖြစ်စဥ်တွေအတွင်း ပြည်သူ ထိခိုက်သေဆုံးတာ ရှိ၊ မရှိတော့ မသိရသေးပါဘူး။
မီးလောင်ကျွမ်းမှုဖြစ်စဥ်တွေကို အသေးစိတ်သိရှိနိုင်ဖို့ ရေစကြိုမြို့နယ်မီးသတ်တပ်ဖွဲ့ရုံးကို DVB က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူမရှိပါဘူး။