
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့မြောက်ခြမ်းက ကျေးရွာတွေကို ဧပြီ ၃ ရက် ညနဲ့ ဧပြီ ၄ ရက် ညနေပိုင်းတွေမှာ စစ်ကောင်စီက စက်တပ် လေထီးနဲ့ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ လေထီးတပ်ယာဉ်တွေဟာ နမခစစ်တပ်ကနေ လာရောက်ဗုံးကြဲချနေတာလို့ ကျွန်းမှော်ရွာသားတယောက်က ပြောပါတယ်။
“ဧပြီလ ၃ ရက်နေ့ ညပိုင်း ၉ နာရီခွဲအချိန်မှာ ကျွန်းမှော်ရွာအရှေ့ဘက်မှာရှိတဲ့ ကျနော်တို့ အိမ်ပေါ်ကို တလုံးချသွားတယ်ဗျ။ အဲလိုချသွားလို့ အိပ်ပျော်နေတဲ့ ကျနော်မရီးရဲ့ ခြေထောက် ၂ ချောင်းလုံး ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့တယ်ဗျ။ ညာဘက်ခြေထောက်က ထုတ်ချင်းပေါက်ထွက်ဒဏ်ရာနဲ့ ဘယ်ဘက် ခြေထောက်ကတော့ ၂ ချက်ချုပ် ဒဏ်ရာအသီးသီရရှိခဲ့တယ်ဗျ။ အဲတာပြီးတော့ ၄၀ မမနဲ့ အင်းဖျားရွာဘက်တွေ၊ နဘူးတောရွာဘက်တွေနဲ့ ပန်းတိမ်ပြင်ရွာဘက်တွေကို လိုက်ပစ်သေးတယ်။ အဲဘက်ကတော့ အထိခိုက်မရှိခဲ့ဘူးဗျ။ အခုလို လေကြောင်းမတိုက်ခိုက်ခင် နမခကနေ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်သေးတယ်။ လူထိခိုက်မှုတော့ မရှိခဲ့ဘူး။”
အိမ်ခြေ ၉၀ ရှိတဲ့ ကျွန်းမှော်ရွာဟာ စစ်တပ်ရုံးစိုက်ရာ နမခ နမခ နဲ့ ၄ မိုင်နီးပါးသာ ဝေးကွာတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။
ယင်းမာပင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးမြတ်က “ဒီနေ့ ဧပြီလ ၄ ရက် နေ့ ညပိုင်း ၇ နာရီကျော်အချိန်က စတင်ပြီး ည ၉ နာရီအထိ လေကြောင်း တိုက်ခိုက်နေတယ်ဗျ။ အခုတိုက်ခိုက်သွားတဲ့ အကြိမ်အရေအတွက် ၆ ကြိမ်အထိ ရှိနေပြီဗျ။ မနေ့ကလိုပဲ ပါတာမော်တာ စက်တပ် လေထီးနဲ့ တိုက်ခိုက် နေတာဗျ။ တိုက်ခိုက်တဲ့နေရာကလည်း မနေ့ညပိုင်းက တိုက်ခိုက်သွားတဲ့ ကျွန်းမှော်ရွာအနီး ကျောက် မှော်ရွာ၊ အင်းဖျားရွာ၊ ကျောက်ကုန်းရွာတွေစီ တိုက်ခိုက်နေပါတယ်။ အထိခိုက်အကျအဆုံးကတော့ ဘာမှမသိရသေးဘူး။ ပြည်သူတွေကတော့ ဘေးလွတ်ရာ ဗုံးခိုကျင်းထဲ ဝင်နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဧပြီ ၂ ရက်နေ့ညကစပြီး ဧပြီ ၂၂ ရက်အထိ အပစ်ရပ်တယ်လို့ ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာတော့ စက်တပ်လးထီးနဲ့ ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။