Home
မြန်မာသတင်း
ဆန်ရည်ညွှန်းဈေးနှုန်း ထပ်မံကျဆင်း
DVB
·
April 4, 2025

ပြည်ပပို့ ဆန်တွေရဲ့ ရည်ညွှန်းဈေးတွေဟာ အခု ဧပြီလမှာလည်း တအိတ်ကို ကျပ် ၂,၀၀၀ ကနေ ၈,၀၀၀ အထိ ဈေးထပ်မံကျဆင်းလာပါတယ်။

အခု ဧပြီလအတွင်း ပြည်ပတင်ပို့တဲ့ ဧည့်မထ၊ ငစိန် အုပ်စုဝင် ဆန်တွေကို ၆၀,၀၀၀ ကနေ ၇၂,၀၀၀ ကျပ်နှုန်းထား သတ်မှတ်ထားပါတယ်။

ပြည်တွင်းစားသုံးပြီး ပြည်ပလည်းတင်ပို့တဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက် တို့ကို တအိတ် ၇၈,၀၀၀ ကျပ် သတ်မှတ်ပါတယ်။ ဒီနှုန်းထားတွေက ပြီးခဲ့တဲ့ မတ်လထက် တအိတ်ကို ၄,၀၀၀ ကနေ ၈,၀၀၀ ကျပ်အထိ ဈေးကျလာပါတယ်။

တခြားအမျိုးအစားတွေဖြစ်တဲ့ ရွှေသွယ်၊ အညာသား၊ မှော်ဘီ၊ မနောသုခဆန်တွေကို တအိတ် ၉၂,၀၀၀ ကျပ်နဲ့ မတ်လထက် ၂,၀၀၀ ကျပ် လျှော့ချ သတ်မှတ်ထားပါတယ်။

ဒီလို ဈေးကျရခြင်းက နိုင်ငံတကာဆန်ဈေးကွက်မှာ အရောင်းများပြီး အဝယ်နည်းလာတာကြောင့် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုရှိလာတာဖြစ်ပြီး ကုန်သည်တွေကလည်း ဈေးထပ်ကျလာနိုင်တဲ့ အခြေအနေကို စောင့်ကြည့်ပြီး အဝယ်ရပ်ထားကြတာကြောင့် ဖြစ်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။

ဆန်ဆိုင်တွေ ရောင်းချရမယ့် ဆန်ရည်ညွှန်းဈေးတွေကို စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနက လစဉ် သတ်မှတ်ထုတ်ပြန်ပေးနေတာဖြစ်ပြီး အခုဧပြီလအတွင်း ပေါ်ဆန်းအုပ်စုဝင် ဆန်‌ချောတွေကိုတော့ အရင်လအတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားတာ တွေ့ရပါတယ်။

ခွံနီ၊ ပေါ်ကျွဲ (အဟောင်း) တအိတ်ကို ၁၀၂,၀၀၀ ကျပ်၊ အသစ်က ၉၀,၀၀၀ ကျပ်၊ ဘေးကြား၊ ကြားပျံ က ၁၁၇,၀၀၀ ကနေ ၁၃၅,၀၀၀ ကျပ်၊ ဧရာဝတီတိုင်းဒေသထွက် ဧရာမင်း၊ ဧရာပဒေသာကို ၉၉,၀၀၀ ကျပ်နဲ့ ရွှေဘိုပေါ်ဆန်းမွေး (အဟောင်း) ကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ အကြား သတ်မှတ်ထားပါတယ်။

ဒါပေမဲ့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေထက် အပြင်ဈေးက ပိုမြင့်တက်နေတဲ့အတွက် တကယ်တမ်း ဈေးသတ်မှတ်မှုက ထိရောက်မှုမရှိဘူးလို့ စားသုံးသူတွေက ဝေဖန် ထောက်ပြထားကြပါတယ်။

စကစ ဘက်ကတော့ ဒီလို ဈေးနှုန်းမမှန်ကန်မှုနဲ့ အရည်အသွေးမမှန်ဘဲ ရောင်းချမှုတွေအတွက် အရေးယူမယ်လို့ ထုတ်ပြန် သတိပေးထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013