Home
မြန်မာသတင်း
ဆန် ရည်ညွှန်းဈေး အနည်းငယ် ပြန်ကျ
DVB
·
January 16, 2025

စားသုံးသူရေးရာဦးစီးဌာနက အခု ဇန်နဝါရီအတွက် ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးတွေအရ  ဆန်အမျိုးအစားအချို့ အနည်းငယ်ဈေးပြန်ကျဆင်း‌လာတာ တွေ့ရပါတယ်။

ဈေးကွက်ထဲ ဆန်အသစ် ဝင်ရောက်မှုကြောင့် အခုလို အနည်းငယ် ကျဆင်းလာတာပါ။ ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲဆန်တွေက တအိတ်ကို  ကျပ် ၁၀၅,၀၀၀ နဲ့ အရင်လထက် ကျပ်  ၅၀၀၀  လျှော့ချ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်းစားသုံးမှုလည်းရှိတဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်တို့လို့ အရည်အသွေး သင့်တင့် ကောင်းမွန်တဲ့ ဆန်တွေကိုလည်း တအိတ်ကို  ကျပ် ၈၅,၀၀၀  ရည်ညွှန်းဈေး သတ်မှတ်ထားပြီး အရင်လထက်တအိတ်ကို ကျပ် ၁၀၀၀ လျှော့ချ သတ်မှတ်ထားပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေဖြစ်တဲ့ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စတဲ့ ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်း‌တွေအတွက်  သတ်မှတ်ရည်ညွှန်းဈေးကို အရင်လအတိုင်း ကျပ် ၇၃၀၀၀ ကနေ ၈၅၀၀၀ ကြား သတ်မှတ်ထားပါတယ်။

ရွှေဘိုပေါ်ဆန်းမွှေး(အဟောင်း)ကို ကျပ် ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ အကြား ရောင်းချဖို့ အရင်လအတိုင်း သတ်မှတ်ပေးထားပြီး ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်‌တွေကို  ကျပ် ၁၃၃,၀၀၀ ၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်း ဆိုရင် ကျပ် ၁၂၀,၀၀၀ ကနေ ၁၂,၅၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ပေးထားပါတယ်။

ဆန်သစ်‌တွေ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့အတွက်  ဆန်ရည်ညွှန်းဈေးအချို့ အနည်းငယ် ပြန်ကျလာပေမဲ့ မြေပြင် ဈေးကွက်မှာတော့ ဆန်ဈေးနှုန်းတွေက စစ်ကောင်စီ သတ်မှတ်ဈေးနှုန်းတွေထက် ပိုမြင့်မားနေပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က "ကျမတို့ ဝယ်စားနေတာတော့ ဆန်ဈေးက ကျတယ်လို့မရှိပါဘူး။  ဆန်ကြမ်းတောင် တအိတ်ကို တသိန်းနားကပ်ပါတယ်။ အဲဒီ ရည်ညွှန်းဈေးနဲ့လည်း  ဝယ်မရပါဘူး "လို့ ပြောပါတယ်။

စစ်ကောင်စီက  ရည်ညွှန်း‌ဈေးနဲ့ ဆန်ဈေးနှုန်းကို ထိန်းချုပ်နေပေမဲ့ အလုပ်ဖြစ်မှုနည်းပြီး ဈေးကွက်အခြေအနေကိုသာ ပိုရှုပ်ထွေးစေတယ်လို့ ဆန်အရောင်းအဝယ်လုပ်ကိုင်သူအများစုက သုံးသပ်ထားကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားတွေရဲ့ စိုက်ပျိုးရေးစရိတ်တွေနဲ့ သယ်ယူပို့ဆောင်မှုစရိတ်တွေ မြင့်လာတာပြီး စစ်ကောင်စီရဲ့ စျေးကွက်ထိန်းချုပ်မှုစနစ်နဲ့ ပို့ကုန်မူဝါဒ တွေကြောင့် ပြည်တွင်း ဆန်ဈေးတွေက အဆမတန် မြင့်တက်နေပါတယ်။

လက်ရှိက စပါးပေါ်ချိန်ဖြစ်ပေမဲ့ ဆန်အမျိုးအစားအများစုက ပြန်မကျဘဲ အမြင့်ဈေးမှာပဲ ဆက်ရှိနေတာပါ။ ပြည်တွင်းဆန်ဈေးမြင့်တက်မှုက  ဆန်တင်ပို့သူတွေ ပြည်ပဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းလျော့နည်းစေတယ်လို့ ဆန်ကုန်သည်တယောက်က ထောက်ပြပါတယ်။

လက်ရှိ ကမ္ဘာဆန်ဈေးကွက်မှာလည်း ဆန်ဝယ်လိုအားနဲ့ အတူဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် ပြည်တွင်းဈေးကွက်အပေါ်ရိုတ်ခတ်မှု ရှိနေတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အခု လက်ရှိမှာ တောင်သူတွေဟာ စိုက်ပျိုးစရိတ် မြင့်မားတာအပြင် လုံခြုံရေး အခြေအနေကြောင့် ကုန်သည်တွေက ဆင်းမဝယ်လို့ ဈေးကောင်းမရဖြစ်နေပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ စပါး တင်း၁၀၀ အခြေခံဈေးနှုန်းဟာ ပြင်ပပေါက်ဈေးထက် နည်းနေသလို ဆန်ရည်ညွှန်းဈေးကလည်း ပြင်ပထက်နည်းပါတယ်။ အကျိုးဆက်အနေနဲ့ စားသုံးသူတွေ အတွက် ဆန်ဈေးကြီးနေ‌ပေမဲ့ တောင်သူတွေ ဈေးကောင်းမရ ဖြစ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013