Home
မြန်မာသတင်း
စကစ ဆန်ရည်ညွှန်းဈေး တနှစ်အတွင်း၂၀ မှ ၅၇ ရာခိုင်နှုန်းထိ မြင့်လာ
DVB
·
December 12, 2024
Photo - Kyaw Kyaw Lin

မြန်မာပြည်တွင်း ဆန်ဈေးနှုန်း မြင့်တက်နေမှုကို ထိန်းချုပ်ဖို့နဲ့ ဆန်စပါးဈေးကွက် တည်ငြိမ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆန်အမျိုးအစားလိုက် ရည်ညွှန်းစျေးတွေကို စစ်‌‌ကောင်စီ လက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနက လစဥ် သတ်မှတ်ထုတ်ပြန်ပေးနေတာပါ။

ဒီဇင်ဘာလအတွက် ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးကို ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ ကျပ်ရောင်းချဖို့ သတ်မှတ်ပေးထားပြီး ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်‌တွေကို ၁၃၃,၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်း ဆိုရင် ၁၂၀,၀၀၀ ကနေ ၁၂,၅၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စု ခွံနီနဲ့ ပေါ်ကျွဲက ၁၁၀,၀၀၀ ကျပ် သတ်မှတ်ပေးထားပါတယ်။

ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုက ၇၃,၀၀၀ မှ ၈၅,၀၀၀ ကျပ်ရှိပြီး အရည်အသွေးကောင်းတဲ့ ပြည်တွင်းစားသုံးမှုများတဲ့ ဆန်‌တွေကို ၉၇,၀၀၀ ကျပ် သတ်မှတ်ထားတာဖြစ်ပါတယ်။

ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်းစားသုံးမှုလည်းရှိတဲ့ ဇီယာ၊ ငွေတိုး၊ နှံကောက် တို့လို့ ဆန်တွေကိုတော့ ၈၅,၀၀၀ ကျပ် သတ်မှတ်ထားတာပါ။

အဲဒီသတ်မှတ်ဈေးတွေက ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလမှာ  ရှိခဲ့တဲ့ ဆန်ရည်ညွှန်းဈေးတွေထက် ၂၀ ရာခိုင်နှုန်းကနေ ၅၇ ရာခိုင်နှုန်းအကြား မြင့်တက်လာတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က  ဒီသတ်မှတ်‌ဈေးတွေအတိုင်း မရောင်းချဘူးဆိုရင် အရေးယူမယ်လို့ ထုတ်ပြန် ပြောဆိုထားပေမဲ့ လက်ရှိဈေးကွက်မှာတော့ အရည်အသွေးအကောင်းဆုံး ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တအိတ်ကို ကျပ် ၂ သိန်းကျော်၊ ဆန်ကြမ်းတအိတ်ကို ကျပ် ၁ သိန်းနီးပါးထိ ဈေးပေါက်နေပါတယ်။

“ရည်ညွှန်းဈေး သတ်မှတ်လည်း ဝယ်မရပါဘူး။ အဲဒီဈေးနဲ့ ဘယ်သူမှ မရောင်းတော့ဘူး။ ဝယ်ရတုန်းကလည်း ဆန်က မကောင်းဘူး။ ရောထားကြတာဆိုတော့ တခြားဆန်ကြမ်းပဲ ဝယ်စားလိုက်တယ်။ ဈေးကတော့ မကျပါဘူး” လို့ ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က ပြောပါတယ်။

မြန်မာပြည်တွင်း ဆန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာရခြင်းက စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျပ်ငွေတန်ဖိုး ထိုးကျလာတာ၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေ မြင့်တက်လာတာကြောင့် ပြည်ပက တင်သွင်းရတဲ့ စိုက်ပျိုးရေးသုံး သွင်းအားစု ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသအချို့မှာ စိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာတာ၊  လယ်ယာလုပ်သား ရှားပါးပြီး လုပ်အားခ မြင့်လာတာနဲ့ လျှပ်စစ်မီး ပုံမှန် မရရှိဝာာ စတဲ့ အကြောင်းအရင်းများစွာ ပါဝင်နေတယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။

ဒါ့အပြင်  ပြီးခဲ့တဲ့ လပိုင်းတွေက ဖြစ်ခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် စပါး ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ဆန်စပါးအသင်းချုပ်ကတော့ ပြည်တွင်းစားဆန်တွေ သဘာဝဘေးကြောင့် အထွက်နှုန်း ထိခိုက်လို့ ဈေးတက်တယ်ဆိုတဲ့ သတင်းတွေက မဟုတ်မှန်ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ငြင်းဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013