
အခုမတ်လမှာ ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုဝင်ဆန်တွေရဲ့ ဆန်ရည်ညွှန်းဈေးတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကထက် ထပ်မံ ကျဆင်းလာပါတယ်။
ဒါ့အပြင် ရွှေသွယ်၊ အညာသား၊ ပခန်း၊ မှော်ဘီ၊ ဖန်သီးသုခ၊ လုံးသွယ်မွှေး၊ ရက် ၉၀၊ မနောသုခ၊ ဆင်းသု၊ ဗျော့ထွန်း စတဲ့ ဆန်အမျိုးအစားတအိတ်ကို ၉၄,၀၀၀ ကျပ်နဲ့ အရင်လထက် ၁,၀၀၀ ကျပ် လျှော့ချသတ်မှတ်ထားပါတယ်။
ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲဆန် (အဟောင်း) တအိတ်ကို ၁၀၂,၀၀၀ ကျပ် အသစ်ကို ကျပ် ၉၀,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ထားပြီး ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်း စားသုံးမှုလည်းရှိတဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်တို့လို အရည်အသွေး သင့်တင့်ကောင်းမွန်တဲ့ ဆန်တွေကိုလည်း တအိတ် ၈၂,၀၀၀ ကျပ်နဲ့ အရင်လအတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားပါတယ်။
ရွှေဘိုပေါ်ဆန်းမွှေး (အဟောင်း) ကိုလည်း ကျပ် ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ အကြား ရောင်းချဖို့ အရင်လအတိုင်း သတ်မှတ်ပေးထားပြီး ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်တွေကို ကျပ် ၁၃၃,၀၀၀၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်းဆိုရင် ကျပ် ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ပေးထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ ဆန်ဆိုင်တွေဘက်က စားသုံးသူထံကို ဆန်အမျိုးအစားအလိုက် ရောင်းရမယ့်ဈေးကို အခုလို လစဉ် သတ်မှတ်ပေးနေတာပါ။
ဒါပေမဲ့ အဲဒီသတ်မှတ်ထားတဲ့ ဆန်စျေးတွေထက် အပြင်စျေး မြင့်တက်နေဆဲပဲလို့ ဈေးကွက်အတွင်း စုံစမ်းသိရပါတယ်။
စားသုံးသူရေးရာ ဦးစီးဌာန အနေနဲ့ကတော့ အခုလို လစဉ်ထုတ်ပြန်တဲ့ ဆန်ရည်ညွှန်းဈေးနှုန်းတွေကို ဈေးနှုန်း မြှင့်တင်ရောင်းချတာ၊ အရည်အသွေး မမှန်မကန်ရောင်းချတာ ပြုလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ ထုတ်ပြန်သတိပေးထားပါတယ်။