
လူငယ်တွေပြည်ပထွက်အလုပ်လုပ်ခွင့် တားဆီးပိတ်ပင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ပွင့်ပွင့်လင်းလင်း အသိပေးတာမရှိတာကြောင့် ငွေလိမ်လည်တာတွေ အဖြစ်များနေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းအမျိုးသားတွေကို ဇန်နဝါရီလကုန်ကစပြီး ပြည်ပအလုပ်အကိုင်သက်သေခံကတ်(OWIC)ထုတ်မပေးတော့သလို ခွင့်ပြန်အမျိုးသားတွေကိုလည်း အလားတူကန့်သတ်ချက်ထဲ ထည့်ထားပါတယ်။
အဲဒီလို တားဆီးပိတ်ပင်တာကို စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက အများသိအောင် ကြေညာတာမရှိခဲ့ဘဲ အဲဒီလုပ်ငန်းစဉ်သွားရောက်လုပ်ကိုင်ရာကနေပဲ သိလာရတာဖြစ်တယ်လို့ ပြည်ပသွားရောက်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတချို့က ဆိုပါတယ်။
စင်ကာပူနိုင်ငံကိုသွားဖို့ ပြင်ဆင်နေသူတယောက်က “တရားဝင်ထုတ်ပြန်တာမရှိတော့ ပွဲစားတွေကနေ ထွက်လို့ရသေးတယ်ဆိုပြီး လိမ်နေတာတွေတွေ့နေရတယ်။ အရမ်းထွက်ချင်တဲ့သူတွေကယုံပြီး ချိတ်နေကြတာလည်း အများကြီး။ အခုက တစ တစကြားရတဲ့သတင်းတွေအရပဲ သိနေရတာလေ။ အမှန်က ရှင်းရှင်းလင်းလင်းစာထုတ်အသိပေးရမှာ” လို့ ပြောပါတယ်။
အဲဒီလို ပြည်ပထွက်ခွင့်ကန့်သတ်တာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာအေဂျင်စီတွေဆီ အသိပေးတာ တချို့ရှိပေမယ့်လည်း အများသိအောင်ထုတ်ပြန်ပေးတာမရှိဘူးလို့လည်း အဲဒီလုပ်ငန်းအသိုင်းဝိုင်းက ဆိုပါတယ်။
ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တယောက်က “တော်တော်များများလည်း ကန့်သတ်ချက်တွေ၊ ဖိအားပေးတာတွေကိုစိတ်ကုန်ပြီး ရပ်လာကြပြီ။ မူဝါဒမတည်မငြိမ်နဲ့က ဘယ်လိုမှ ဆက်လုပ်ဖို့မလွယ်ဘူး။ ပွဲစားတွေကတော့ ဌာနရဲ့ပွင့်လင်းမြင်သာမှုမရှိတဲ့အပေါ် အခွင့်ကောင်းယူပြီး လိမ်နေတာတွေတွေ့နေရတာပဲ” လို့ ပြောပါတယ်။
အခုလို လူငယ်အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်အပေါ် တားဆီးတာတွေရှိလာပြီးနောက် ငွေကြိုတင်ရယူထားတဲ့ပွဲစားနဲ့ ချိတ်ဆက်ထားတဲ့အေဂျင်စီတချို့က အလုပ်သမားကို ငွေပြန်ပေးဖို့ကိုလည်း အငြင်းပွားတာတွေရှိနေတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် ပြည်ပထွက်ခွင့်ကို ပုဂ္ဂလိကအေဂျင်စီတွေနဲ့ ကိုယ့်အစီစဉ်နဲ့ကိုယ် သွားရောက်မယ့် အလုပ်သမားတွေပဲ ပိတ်ခံရတာလား၊ ကိုရီးယားနိုင်င်ငံဆီကို အလုပ်သမားစေလွှတ်နေတဲ့ အစိုးရအေဂျင်စီ(POEA)ပါ အကျုံးဝင်တာလားဆိုတာနဲ့ပတ်သက်လို့လည်း ရှင်းရှင်းလင်းလင်း ထုတ်ပြန်အသိပေးထားတာမရှိပါဘူး။