
ပြည်တွင်း ပြည်ပ ဈေးကွက်အေးလို့ ဆန်ချောနဲ့ ဆန်ကြမ်း ရည်ညွှန်းဈေးတွေ ကျဆင်းလာပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနရဲ့ ဖေဖော်ဝါရီလအတွက် ဆန်ရည်ညွှန်း သတ်မှတ်ဈေးနှုန်းတွေက ပြီးခဲ့တဲ့လက နှုန်းထားတွေအောက် ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ အကြား ကျဆင်းလာပါတယ်။
ကမ္ဘာ့ဆန်ဈေးကွက်မှာ ဝယ်လိုအားနဲ့အတူ ဆန်ဈေးနှုန်းတွေ ကျဆင်းနေတာကြောင့် ပြည်တွင်းဈေးကွက်အပေါ်ရိုတ်ခတ်မှုရှိလာတာလို့ ကုန်သည်တွေက ဆိုကြပါတယ်။
ကုန်သည်တယောက်က “ဆန်ဈေး၊ စပါးဈေး ဘာကြောင့်ကျသလဲဆို ကမ္ဘာ့ဈေးကွက်မှာလည်း ကျနေလို့ပါ။ ပြည်ပဈေးကွက် မကောင်းတော့ ပြည်တွင်းမှာလည်း အရောင်းအဝယ်တွေ အေးသွားတယ်” လို့ ပြောပါတယ်။
အခုလမှာ စားသုံးသူရေးရာ ဦးစီးဌာနက ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေဖြစ်တဲ့ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စတဲ့ ဧည့်မထ/ငစိန် အုပ်စုဝင် ဆန်ကြမ်းတွေအတွက် သတ်မှတ်ရည်ညွှန်းဈေးကို အနိမ့်ဆုံးဈေး ကျပ် ၇၀,၀၀၀ ကနေ အမြင့်ဆုံးဈေး ကျပ် ၈၂,၀၀၀ နဲ့ အရင်လထက် ကျပ် ၃,၀၀၀ ဝန်းကျင် လျှော့ချ သတ်မှတ်ထားပါတယ်။
ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်းစားသုံးမှုလည်းရှိတဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်တို့လို အရည်အသွေး သင့်တင့်ကောင်းမွန်တဲ့ ဆန်တွေကို တအိတ် ကျပ် ၈၂,၀၀၀ ရည်ညွှန်းဈေး သတ်မှတ်ထားပြီး အရင်လထက် တအိတ်ကို ကျပ် ၃,၀၀၀ လျှော့ချ သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲဆန် (အဟောင်း) တအိတ်ကို ကျပ် ၁၀၂,၀၀၀ နဲ့ အရင်လထက် ကျပ် ၃,၀၀၀ လျှော့ချသတ်မှတ်ထားပြီး အသစ်ကို ကျပ် ၉၀,၀၀၀ နဲ့ ၅,၀၀၀ ကျပ် လျှော့ချ သတ်မှတ်ထားပါတယ်။
ရွှေဘိုပေါ်ဆန်းမွှေး (အဟောင်း) ကိုတော့ ကျပ် ၁၄၅,၀၀၀ ကနေ ၁၅၀,၀၀၀ အကြား ရောင်းချဖို့ အရင်လအတိုင်း သတ်မှတ်ပေးထားပြီး ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်တွေကို ကျပ် ၁၃၃,၀၀၀၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်းဆိုရင် ကျပ် ၁၂၀,၀၀၀ ကနေ ၁၂၅,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ပေးထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ဆန်ဆိုင်တွေဘက်က စားသုံးသူထံကို ဆန်အမျိုးအစားအလိုက် ရောင်းရမယ့်ဈေးကို လစဉ် သတ်မှတ်ပေးနေတာပါ။
ပြည်တွင်း ပြည်ပ ဈေးကွက်အေးလို့ ဆန်ရည်ညွှန်းဈေးတွေ အနည်းငယ် ပြန်ကျလာပေမဲ့ ပြင်ပ လက်လီဈေးကွက်မှာတော့ ဆန်ဈေးနှုန်းတွေက သတ်မှတ်ဈေးနှုန်းတွေထက် ပိုတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနေကြတယ်လို့ စားသုံးသူတွေက ဆိုပါတယ်။
တောင်ဥက္ကလာမြို့နယ်နေ အိမ်ရှင်မတယောက်က “သတ်မှတ်ဈေး ထုတ်ပြန်လည်း အလကားပါပဲ။ လက်လီဈေးမှာကျ၊ ဆန်ဈေးက ခေါင်ခိုက်နေတာ” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လယ်သမားတွေရဲ့ စိုက်ပျိုးရေးစရိတ်တွေနဲ့ သယ်ယူပို့ဆောင်မှုစရိတ်တွေ မြင့်လာပြီး စစ်ကောင်စီရဲ့ ပို့ကုန်မူဝါဒနဲ့ လျှပ်စစ်မီး ပုံမှန်မရရှိမှုတွေက ပြည်တွင်းဆန်ဈေးတွေကို အဆမတန် မြင့်တက်စေခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမှာ တောင်သူတွေဟာ စိုက်ပျိုးစရိတ် မြင့်မားတာအပြင် လုံခြုံရေး အခြေအနေကြောင့် ကုန်သည်တွေက ဆင်းမဝယ်လို့ ရောင်းချရခက်ခဲသလို ဈေးကောင်းလည်းမရ ဖြစ်နေပါတယ်။