Home
မြန်မာသတင်း
ပြည်တွင်း၊ ပြည်ပ ငါးဈေးကွက် ထုတ်လုပ်မှု  ကျဆင်းလာ
DVB
·
December 20, 2024

မြန်မာနိုင်ငံကနေ ပြည်ပကို ငါး၊ ပုစွန်နဲ့ အခြားရေသတ္တဝါတွေ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၈၀၅ သန်းရရှိဖို့ မျှော်လင့်ထားပေမဲ့ ပြည်တွင်း၊ ပြည်ပ ငါးဈေးကွက်ကတော့ ကျဆင်းလာတယ်လို့ ငါးလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ 

ပြည်တွင်းငါးထုတ်လုပ်မှုက သဘာဝရော၊ မွေးမြူရေးလုပ်ငန်းတွေမှာပါ သုံးပုံတပုံလောက်ကျဆင်းလာပြီး နယ်စပ်တင်ပို့မှုကလည်း လျော့ကျနေပါတယ်။ ဒါကြောင့် လျာထားချက်ပမာဏ ပြည့်မီနိုင်တဲ့အခြေနေနဲ့ပတ်သက်ပြီး ငါးဦးစီးနဲ့ နီးစပ်သူတယောက်က ရှင်းပြပါတယ်။

“သတ်မှတ်ထားတဲ့ ၈၀၅ သန်းက ပြည့်ချင်မှ ပြည့်မှာ။ မနှစ်ကလိုမျိုး ၇၀၀ ကျော်၊ ၇၃၀၊ ၇၅၀ ကတော့ရဖို့များပါတယ်။ ဒါမယ့် Try  တော့ Try  နေတယ်။ မရဘူးလို့ပြောလို့တော့မရဘူး။ သူတို့က ပြောထားတဲ့အတွက်။ အဲ့အတွက် ကျနော်တို့က Try ကြည့်နေတယ်။ အဲ့လောက်ပဲ ပြောလို့ရမယ်။”

ပြည်တွင်းငါးဈေးကွက်မှာလည်း ငါး၊ ပစွန် စတဲ့ ရေသတ္တဝါအဓိကဈေးကွက်ဖြစ်တဲ့ ရန်ကုန်မြို့က ရွှေပိတောက်ငါးဈေးကွက်မှာ သဘာဝချောင်းမြောင်းအင်းအိုင်နဲ့ မွေးမြူရေးကန်တွေကနေ ငါးပုစွန် ဝင်ရောက်မှု လျော့ကျလာပါတယ်။

တခြားဒေသအသီးသီးကို တင်ပို့နေတဲ့လုပ်ငန်းတွေမှာလည်း လမ်းပန်းဆက်သွယ်ရေး အကန့်အသတ်နဲ့ စားသုံးနိုင်တဲ့ အင်အားလျော့ကျလာလို့ ငါးမှာယူမှုတွေ လျော့ကျလာတဲ့အတွက် ငါးဈေးတွေက တပိဿာကို ကျပ် ၅၀၀ အထိ ဈေးကျလာပါတယ်။

ရန်ကုန် ငါးဈေးကွက်ကကြီးမားသလို ရန်ကုန်ကတဆင့် အခြားဒေသအသီးသီးကို တင်ပို့တဲ့လုပ်ငန်းကလည်း ပြည်တွင်းငါးဈေးကွက်အတွက် အဓိကကျတဲ့လုပ်ငန်းလည်း ဖြစ်ပါတယ်။ 

ပဲခူးတိုင်းကနေ ရန်ကုန်ကို ငါးပုံမှန်သယ်ယူပို့ဆောင်နေသူ ယာဥ်မောင်းတယောက်က အရင်နဲ့ မတူပဲ တရားမဝင် ငွေတောင်းကြတဲ့ဂိတ်တွေကြောင့် ဝန်ထုတ်ဝန်ပိုး ဖြစ်ရတယ်လို့ ဆိုပါတယ်။  

“ကွာတာတော့ လမ်းတွေကတောင်းတာ တအားပဲ။ ဂိတ်တွေ ဂိတ်တွေကလေ။ ကိုယ့်လုပ်စာ၊ ကိုယ်မစားရသလို ဖြစ်နေတယ်။ အရင်တုန်းက ၁၀၀၀ တောင်းတဲ့ဂိတ်က  ၃၀၀၀ လောက် တောင်း။ ၃၀၀၀ တောင်းတဲ့ ဂိတ်က ၅၀၀၀ တောင်း၊ မပေးမသွားရဘူးဆိုလို့ ကိုယ်က ပုပ်ကုန် ဆိုတော့ သွားရတာပေါ့၊ ပေးရတာပေါ့။ အဲ့လိုသွားရတယ်။”

ဒါကြောင့် သွားလာရေးအကန့်သတ်တာတွေအပြင် နယ်စပ်တင်ပို့မှုလည်း လျော့ကျလာလို့ ပြည်တွင်းငါးဈေးကွက်က စီးပွားဖြစ်လုပ်ကိုင်တဲ့ အခြေနေကနေ တဖြည်းဖြည်းကျဆင်းလာတယ်လို့ ငါးလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။

“အရောင်းအဝယ်ဈေးကွက်တွေက တဖြည်းဖြည်းနဲ့လျော့ကျသွားတယ်။ တဖြည်းဖြည်းနဲ့ လုပ်ငန်းကိုင်ငန်းလုပ်လို့ မကောင်းတော့ဘူး။ နိုင်ငံရေးပေါ်မူတည်တာပေါ့လေ။ လူတွေရဲ့ စားဝတ်နေရေးနဲ့ နိုင်ငံရေးနဲ့ဆိုတော့ ပြည်သူတွေမှာလည်း အရမ်းကျပ်တည်းတယ်။ ကျီးလန့်စာ စားရသလို ဖြစ်နေတယ်။ ၃ နာရီလော့ဒေါင်းဆို၊ ၃ နာရီကျော်မှ ထွက်ရတယ်။ ငါးဈေးဖွင့်တဲ့အချိန်မှ။ အကုန်လုံးမကောင်းတာတော့ မကောင်းပါဘူးလေ၊ မကောင်းလည်း ကိုယ့်ဘာကိုယ် စားဝတ်နေရေးကောင်းအောင် နေနေရတယ်။”

ပြီးခဲ့တဲ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်မှာ ပြည်ပကိုတင်ပို့ခဲ့တဲ့ ငါးတန်ချိန်က တန်ချိန် ၅ သိန်း ၂ သောင်းကျော်ရှိခဲ့ပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ ၇၂၉ ဒသမ ၄၂၂ သန်း ရရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ်မှာတော့ ပြီးခဲ့တဲ့ ဧပြီကနေ အောက်တိုဘာလအထိ တန်ချိန် ၂ သိန်း ၉ သောင်းကျော် တန်တင်ပို့ထားပြီး အဲ့ဒီကနေ အမေရိကန်ဒေါ်လာ ၃၈၅ ဒသမ ၈၇၇ သန်းရရှိထားတယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013