Home
မြန်မာသတင်း
ငလျင်ကြောင့် မန္တလေး Sky Villa ပြိုကျမှုတွင် မြန်မာအလှမယ် ၁ ဦး သေဆုံး
DVB
·
April 4, 2025
Photo : Miss Tourism Myanmar

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနဲ့ စစ်ကိုင်းအနီးဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် မြန်မာအလှမယ်တယောက်ဖြစ်တဲ့ ဆီလီမီး (Silimee) သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလှမယ် ဆီလီမီးဟာ ငလျင်ကြောင့် မန္တလေးမြို့က ၁၂ ထပ်အမြင့်ရှိတဲ့ Sky Villa ပြိုကျမှုမှာ ပိတ်မိနေခဲ့ပြီး ဧပြီ ၂ ရက်မှာတော့ သူ့ရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရေးအဖွဲ့တွေက တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။

သူဟာ Miss Tourism World 2018 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတယောက်ဖြစ်ပြီး လတ်တလောမှာတော့ သူ့ရဲ့သေဆုံးမှုအပေါ် Miss Tourism Organization ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားသလို သူ့ရဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ရကြောင်း ရေးသားထားကြပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ပြီးစီးခဲ့ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ အုတ်မြစ်နဲ့ တည်ဆောက်ထားကြောင်း ကြေညာခဲ့ပေမဲ့ ခု လတ်တလော ငလျင်ဘေးမှာတော့ အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့တဲ့ အဆောက်အအုံတွေထဲမှာ ပါဝင်နေခဲ့တာပါ။

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ စုစုပေါင်း ၃,၉၀၁ ယောက်၊ ဒဏ်ရာရသူ ၅,၉၇၈ ယောက်၊ ပျောက်ဆုံးနေသူ ၇၁၉ ယောက်နဲ့ ကယ်ဆယ်ရရှိသူ ၄၉၃ ယောက်ရှိပြီလို့  ဧပြီ ၃ ရက် ည ၈ နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဒီအရေအတွက်ဟာ DVB က လက်လှမ်းမီသလောက် ရရှိထားတဲ့ ကိန်းဂဏန်းတွေသာဖြစ်ပြီး မြေပြင်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေဆဲ အခြေအနေဖြစ်တာကြောင့် သေဆုံးသူဦးရေ ထပ်တိုးနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013