
စစ်ကောင်စီက နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက် အဖြစ် ၇ ရက် သတ်မှတ်ထားပေမဲ့ ဧရာဝတီတိုင်းက ပုသိမ်မြို့မှာ ဒီနှစ်သင်္ကြန်ပွဲ ကျင်းပဖို့အတွက် သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ပုသိမ်မြို့ခံတွေဆီကနေ သိရပါတယ်။
အခုနှစ် သင်္ကြန်ပွဲတော်ကို ကျင်းပဖို့အတွက် စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်နဲ့ ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းတလျှောက်မှာ သင်္ကြန်မဏ္ဍပ်တွေကို ဆောက်လုပ်နေတာလို့ ဆိုပါတယ်။
ပုသိမ်မြို့ခံတယောက်က “ကိုယ့်ဒေသမှာ ငလျင်မလှုပ်ပေမဲ့ စာနာစိတ်တော့ ထားဖို့လိုတာပေါ့နော်။ အခုကတော့ သင်္ကြန်အတွက် ဆောက်လုပ်ဆဲမဏ္ဍပ်တွေအပြင် ထပ်ဆောက်တဲ့ မဏ္ဍပ်တွေပါ ရှိလာတယ်။ တော်တော်ကို အံ့သြနေတာ” လို့ ပြောပါတယ်။
လက်ရှိ ပုသိမ်ကမ်းနားလမ်းတလျှောက်မှာ ဆောက်လုပ်နေတဲ့ သင်္ကြန်မဏ္ဍပ်တွေဟာ တိုင်းအဆင့် ဌာနဆိုင်ရာ မဏ္ဍပ်တွေ၊ ဝန်ကြီးဌာနမဏ္ဍပ်တွေ၊ တိုင်းအဆင့် အစိုးရအဖွဲ့နဲ့ နီးစပ်သူတွေရဲ့ မဏ္ဍပ်တွေနဲ့ မိသားစုတွေရဲ့ မဏ္ဍပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့ခံ သက်ကြီးဝန်ထမ်းတယောက်က “စစ်ကောင်စီက အပြောတမျိုး အလုပ်တမျိုးက လုပ်နေကြပဲလေ။ ဝမ်းနည်းတယ်၊ စာနာတယ် ဆိုတာက သူ့ခေတ် သူ့အခါဆိုတော့ ပြောရတာ။ လူထောင်ချီ အသက်ဆုံးရှုံးထားရတာကို ထည့်မတွက်ပါဘူး။ သင်္ကြန်ပွဲက ရိုးရာယဉ်ကျေးမှု ဖြစ်တာကြောင့်လည်း အဖြစ်လောက်ပဲ လုပ်သင့်တာ” လို့ ပြောပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဧရာဝတီတိုင်းမှာ သေဆုံးထိခိုက်တာ မရှိပေမဲ့ ငလျင်ဒဏ်ကို ၂ မိနစ်ဝန်းကျင်လောက်အထိ သိသိသာသာ ခံစားရတယ်လို့ ဆိုပါတယ်။
အဲဒီငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ပဲခူး၊ ရှမ်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ငလျင်ဒဏ်ကြောင့် အသက် လသားအရွယ် ကလေးငယ်တွေကနေ သက်ကြီးပိုင်းတွေအထိနဲ့ ရဟန်းသံဃာတွေပါ ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။