
ဧရာဝတီတိုင်းမှာ အခုနှစ် မဟာသင်္ကြန်ပွဲတော်ကို အခြေခံပညာကျောင်းတွေမှာ မဏ္ဍပ်ထိုးပြီး ရေကစားပျော်ပါးဖို့ ပြင်ဆင်ခိုင်းထားတယ်လို့ ဧရာဝတီတိုင်းက ပညာရေးဝန်ထမ်းတွေဆီကနေ သိရပါတယ်။
အခုနှစ် မဟာသင်္ကြန်ပွဲတော်ကို မနှစ်ကထက် ပိုမိုစည်ကားစေဖို့ဆိုကာ သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ အခြေခံပညာကျောင်းတွေမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ပြီး ရေကစား ပျော်ပါးဖို့ စစ်ကောင်စီ တိုင်းအစိုးရအဖွဲ့ကနေ ပညာရေးဌာနကို ညွှန်ကြားထားတာလို့ ဆိုပါတယ်။
ပညာရေးဝန်ထမ်းတယောက်က “ဟုတ်ပါတယ်၊ တိုင်းအစိုးရအဖွဲ့ကနေ ပညာရေးဌာနကို ညွှန်ကြားတာပါ။ တချို့စာသင်ကျောင်းတွေမှာ မဏ္ဍပ်တွေ ဆောက်တောင်နေပါပြီ။ ဘယ်လိုတွေလဲတော့ မသိတော့ပါဘူး” လို့ ပြောပါတယ်။
အခုလို သင်္ကြန်ပွဲတွေကို အခြေခံပညာကျောင်းတွေမှာ မဏ္ဍပ်ဆောက်လုပ်ပြီး သင်္ကြန်ရေကစားဖို့ကို စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ညွှန်ကြားတာကြောင့် တိုင်းအစိုးရ အဖွဲ့က ခရိုင်နဲ့ မြို့နယ်အဆင့် ပညာရေးဌာနကို ထပ်ဆင့်စီစဉ်ခိုင်းနေတာလို့ ဆိုပါတယ်။
ပုသိမ်က ပညာရေးဝန်ထမ်းဟောင်းတယောက်က “ကျောင်းတွေမှာ မဏ္ဍပ်ကြီးတွေဆောက်ပြီး သင်္ကြန်ကစားခိုင်းတာကတော့ မသင့်ဘူးလို့ ထင်တာပဲ။ စကစက ဘာမဆို လုပ်နေတာဆိုတော့ မပြောတတ်ဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ လာမယ့်သင်္ကြန်ကာလ လုံခြုံရေးကို စစ်ကောင်စီတပ် အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်/ကျေးအထိ ကော်မတီဖွဲ့စည်းကာ အထူးသတိထားပြီး ကျင်းပလုပ်ဆောင်ကြဖို့ မှာကြားထားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။