Home
မြန်မာသတင်း
မုံရွာမြို့နယ်၌ ဖမ်းဆီးခံ ပြည်သူ ၅၀ ကျော်ကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် ထောင် ၅ နှစ်ချ
DVB
·
March 27, 2025

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ၁ နှစ်ကျော်ကြာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ပြည်သူ အယောက် ၅၀ ကျော်ကို မတ် ၂၆ ရက်မှာ စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တယ်လို့ နိုင်ငံရေးအကျဥ်းသား မိသားစုတွေဆီကနေ သိရပါတယ်။

မုံရွာအကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေကို ထောင်ဝင်စာ ကူညီပို့ပေးနေသူက “သက္ကယ်ကျင်းရွာကနေ ဖမ်းထားတဲ့သူတွေကို အကြမ်းဖက်ပုဒ်မ ၅၂(က) နဲ့ ထောင် ၅ နှစ်စီ ချလိုက်တာလို့ သိခဲ့ရတာပါ။ အမျိုးသမီးတွေ အပါအဝင် လူ ၅၀ ကျော်တယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ မတ် ၁၄ ရက်မှာ စစ်ကောင်စီတပ်က သက္ကယ်ကျင်းကျေးရွာအတွင်း စီးနင်းဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းတွေနဲ့ ရွာသား ၆၀ ကျော်ကို ကားတွေနဲ့ ခေါ်ဆောင်ဖမ်းဆီး ယူဆောင်သွားပြီး လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ခံတယောက်က “သက္ကယ်ကျင်းရွာကနေ မတရားဖမ်းထားသူတွေကို တနှစ်ကျော်လောက် မတရားချုပ်ထားပြီးမှ ထောင်ချလိုက်တယ် ဆိုတာ သိရတာပါ။ အဲဒီတုန်းက အဖမ်းခံရတာ ၆၀ ကျော်ရှိတယ်။ အနည်းအကျဥ်းတော့ ပြန်လွတ်လာသေးတယ်။ ကျန်တဲ့သူတွေကို မုံရွာအမှတ် ၁ ရဲစခန်း အချုပ်မှာ ဖမ်းထားပြီး တနှစ်ကျော်မှ မတရားသဖြင့် ထောင်ချတာ။ မုံရွာမြို့နယ်တရားရုံးက အမိန့်ချတာလို့ သိရတယ်။ အရေအတွက်ကတော့ ၅၀ ကျော်ပဲ အတိအကျကတော့ နောက်ရက်မှသိရမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သက္ကယ်ကျင်းကျေးရွာကို ဝင်ရောက်စီးနင်းစဥ်က ပြည်သူ ၄ ယောက်ကိုလည်း သတ်ဖြတ်သွားပြီး လူနေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့လို့ လူနေအိမ် ၄၈၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ မုံရွာ အမှတ် ၁ ရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

၂၀၂၄ ခုနှစ်၊ ဇွန် ၈ ရက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သက္ကယ်ကျင်းကျေးရွာကို ဒရုန်းနဲ့ ဗုံး ၃ လုံး ကြဲချခဲ့ပြီး ဇွန် ၉ ရက် မနက်ပိုင်းမှာလည်း အဆိုပါကျေးရွာအတွင်းကို ထပ်မံဝင်ရောက်ကာ ရွာခံအမျိုးသားတယောက်ကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ မုံရွာကင်းထောက်အဖွဲ့ဆီကနေ သိရပါတယ်။

DVB သတင်းဌာနရဲ့ မုံရွာအခြေစိုက် အလွတ်တန်းသတင်းထောက်ဟောင်း ကိုရန်နိုင်စိုး ဟာလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထဲမှာ စစ်ကောင်စီလက်အောက်ခံတွေရဲ့ ဖမ်းဆီးတာခံရကာ အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က) နဲ့ အမှုဖွင့် အရေးယူခံရပါတယ်။

၂၀၂၄ ခုနှစ်၊ မတ် ၂၅ ရက်မှာ မုံရွာအကျဥ်းထောင် အထူးတရားရုံးကနေ ကိုရန်နိုင်စိုးကို ထောင်ဒဏ် ၄ နှစ်ချမှတ်ကာ မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013