Home
မြန်မာသတင်း
နိုင်ငံဝန်ထမ်းများ လစာတိုးရန် အစီအစဥ်မရှိဟု စစ်ကောင်စီ ပြော 
DVB
·
March 26, 2025

လူမှုကွန်ရက်စာမျက်နှာမှာ နိုင်ငံဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ သတင်းဟာ ကောလာဟလ ဖြစ်ပြီး နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လစာတိုးပေးဖို့ အစီအစဥ်မရှိဘူးလို့ စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးက အသိပေးထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံဝန်ထမ်းတွေ လစာတိုးမြှင့်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက မေးမြန်းရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ပြန်လည်ဖြေဆိုခဲ့တာပါ။ 

ညွှန်ချုပ် ဦးဝင်းထိုက်က “လက်ရှိ ကျနော် ပြင်ပမှာဖြစ်နေတဲ့ လစာနှုန်းထား တိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလာဟလပဲဖြစ်ပါတယ်။ လစာနှုန်းထားတွေက လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေအရတော့ လစာနှုန်းထား တိုးမြှင့်ဖို့ အစီအစဥ်မရှိပါဘူး” လို့  ပြန်ပြီးဖြေရှင်းခဲ့ပါတယ်။ 

လက်ရှိကုန်ဈေးနှုန်းအခြေအနေနဲ့ နိုင်ငံဝန်ထမ်းလစာမှာ ကွာဟမှုကြီးမားနေပြီး လစာဝင်ငွေနဲ့ မလောက်ငတဲ့ ဝန်ထမ်းတွေက အပိုဝင်ငွေကို မတရားနည်းလမ်းနဲ့ရှာဖွေရာမှ အဂတိမှုတွေဖြစ် လာတာလို့  ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။ 

“လစာတိုးရင်တော့ ကောင်းတာပေါ့၊ မတိုးတာလည်း တခုတော့ ကောင်းတယ်။ တိုးမှာက သုံးသောင်း၊ တက်လာမယ့် ကုန်ဈေးနှုန်းက တိုးလာမယ့် လစာနဲ့ကာမိမှာမဟုတ်ဘူး။ လစာ မလောက်တော့ အောက်ဆိုဒ်ရှာ၊ အဂတိမှုတွေဖြစ်ကြနဲ့ ဝန်ထမ်းတွေရဲ့ဘဝက သံသရာလည်နေတာ။” 

နိုင်ငံဝန်ထမ်းတွေရဲ့ လူမှုဘဝနဲ့ သက်သာချောင်ချိရေးအတွက် ခေတ်နဲ့မလျော်ညီတော့တဲ့ လစာနှုန်းထားတွေကို ပယ်ဖျက်ကာ ဧပြီ ၁ ရက်မှစပြီး နိုင်ငံဝန်ထမ်းလစာတွေကို ပြင်ဆင်သတ်မှတ်လိုက်သည်ဆိုတဲ့ အမိန့်စာတစောင် ဖေဖော်ဝါရီ ၁၉ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013