Home
မြန်မာသတင်း
မန္တလေးတွင် စစ်မှုထမ်းအမှတ်စဉ် ၁၂ အတွက် ပုံစံသစ်ဖြင့် မဲနှိုက်ရွေးချယ်
DVB
·
March 26, 2025

မန္တလေးမြို့တောင်ဘက် လူနေထူထပ်တဲ့ မဟာအောင်မြေမြို့နယ်မှာ မတ် ၂၄ ရက်ကစပြီး စစ်မှုထမ်း အပတ်စဉ် ၁၂ အတွက် နံပါတ်စဉ် မဲနှိုက်တာကို ပုံစံအသစ်နဲ့ စစ်ကောင်စီက ပြုလုပ်ခဲ့ပါတယ်။

စစ်မှုထမ်းဖို့ အသက်ပြည့်သူအားလုံး ကင်းလွတ်ခွင့်မရှိဘဲ မိသားစုဝင် ဒါမှမဟုတ် ကာယကံရှင်ကိုယ်တိုင် လာရောက်မဲနှိုက်ရတာဖြစ်ကြောင်း အမှတ် ၃ အ.ထ.က ကျောင်းမှာ အမျိုးသားကိုယ်စား မဲသွားနှိုက်ခဲ့ရတဲ့ မန္တလေးမြို့ခံက  ပြောပြပါတယ်။

မဟာအောင်မြေမြို့နယ်နေ အမျိုးသမီးတယောက်က “ကိုယ့်အလှည့်နှိုက်တာဆိုပြီး အော်တယ်၊ ခေါ်တယ်။ သုံးခွန်းလောက် ခေါ်လို့မလာရင် သူတို့ဘာသာ သူတို့နှိုက်တယ်။ အကုန်လုံး သူတို့က နံပါတ်ကြီးတာနဲ့ သေးတာပဲ ရှိတာတဲ့။ နံပါတ် အသေးတွေ ၁၊ ၂၊ ၃၊ ၄ တွေက အရင်သွားရမှာတဲ့ အဲလို ၁၀၀ ကျော် ၇၀၀ ကျော်အထိ ပါတယ်။ တလကို ၁၊ ၂၊ ၃ သွားမှာလို့ ပြောတယ်။ ၃ ယောက်တဲ့ တလကို။ ဒီလကုန်မှလို့ ပြောတာပဲ” လို့ ပြောပါတယ်။

အခု မဲနှိုက်ခဲ့တဲ့ဖြစ်စဉ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁၂ တခုတည်းအတွက် မဟုတ်တော့ဘဲ ကိုယ်ကျရာ နံပါတ်စဉ်အလိုက် အကုန်လုံးစစ်မှုထမ်းရမှာ ဖြစ်ပါတယ်။

ကျောင်းသား/ကျောင်းသူတွေလိုမျိုး ကင်းလွတ်ခွင့်ရသူတွေရှိရင် ကျောင်းသားကတ်၊ ကျောင်းတက်နေကြောင်း ထောက်ခံစာတွေနဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဆီ စာနဲ့တင်ပြရမှာလို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောကြောင်း သိရပါတယ်။

မန္တလေးသပိတ်အင်အားစု တာဝန်ရှိသူတယောက်က “သူတို့မှာလည်း လူခေါ်စရာလည်း သိပ်မကျန်တော့လို့ ဖြစ်ပါမယ်။ ဥပမာ မိသားစုတစုမှာဆိုလို့ရှိရင် သားကို မတွေ့လို့ အဖေကို ခေါ်မယ် ဆိုတာမျိုးတွေကအစ ဖြစ်လာတယ်ပေါ့လေ။ နောက်ဆုံး ဒီ ကျနော်တို့ ထောင်ကျနေတယ်။ ထောင်ကျနေတဲ့သူတွေ ရှိတယ်။ ထောင်ကျနေတဲ့သူတွေအတွက်တောင်မှ အစားထိုး မဲနှိုက်ရတာမျိုးတွေ ရှိတယ်။ အဲဒီလိုမျိုးတွေကအစ ကြားနေရတယ်ဆို‌တော့ ဒီတခေါက် သူတို့က အနုစိတ် ပိုက်စိပ်တိုက်လာတယ်လို့ ကျနော်ကတော့ ထင်ပါတယ်”လို့ ပြောပါတယ်။

စကြာနွယ်စဉ်ရပ်ကွက်ထဲမှာဆိုရင် အမျိုးသမီးနဲ့ ကလေးရှိတဲ့သူတွေ၊ မိသားစုအတွက် အဓိက ဝင်ငွေရှာဖွေသူတွေပါ ပါဝင်နေကြောင်း သိရပေမဲ့ အခု စစ်မှုထမ်းရမယ့်အထဲမှာ စစ်တပ်နဲ့ နီးစပ် ပတ်သက်သူတွေ ပါ၊ မပါကိုတော့ မသိရသေးပါဘူး။

တကယ်လို့ စစ်မှုထမ်းရတော့မယ့်အချိန်မှာ ထွက်ပြေးမယ်ဆိုရင် မိသားစုကို အရေးယူမှာဖြစ်ပြီး မိသားစုလိုက် ထွက်ပြေးရင်တော့ နေအိမ်ကို ချိပ်ပိတ်မယ်ဆိုတဲ့ သတင်းတွေလည်း တချိန်တည်းမှာ ပျံ့နှံ့လာပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) ရဲ့ တာဝန်ရှိသူတွေဆီ DVB က ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်ဖြေတာမရှိခဲ့ပါဘူး။

မဲပေါက်သူရဲ့ မိသားစုဝင်အမျိုးသားတယောက်က “ဒီလူက မဲပေါက်တာကို မသွားလို့ရှိရင် တွေ့တဲ့သူခေါ်မှာပဲပေါ့ သူတို့က။ မရှိ၊ ရှိတဲ့သူခေါ်မှာပဲပေါ့ သူတို့က။ ကျနော်တောင်မှ အဲတာ ကြိုတော့မှာထားသေးတယ်။ တကယ်လို့ ခေါ်သွားပြီဟေ့ဆိုရင် သင်တန်းတက်၊ သင်တန်းတက်ပြီးရင် ဟိုဘက်သာ ပြေးတော့လို့ ပြောလိုက်တယ်။ အဲဒါ အခုက သေတာက စစ်မှုထမ်းတွေ အများကြီး သေတာလေ” လို့ ပြောပါတယ်။

မဟာအောင်မြေမြို့နယ်ထဲမှာတော့ စစ်မှုထမ်းအတွက် မြို့နယ်လုံးကျွတ် မဲနှိုက်ပြီးစီးခဲ့ပြီဖြစ်ပြီး မတ် ၂၆ ရက်နေ့မှာတော့ ချမ်းအေးသာဇံမြို့နယ်မှာ မဲစတင်နှိုက်တော့မယ်လို့ သတင်းတွေ ထွက်လာပါတယ်။

စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်တခုအတွက် သင်တန်းသား ၅,၀၀၀ နှုန်းနဲ့ ခေါ်ယူနေတာ ဖြစ်ပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013