
ရန်ကုန်မြို့မှာ ပုဂ္ဂလိကသင်္ကြန်မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်လျှောက်နိုင်တယ်လို့ စစ်ကောင်စီသြဇာခံ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။
အဲဒီလိုလျှောက်ထားရာမှာ ရေကစားမဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြားပြီး လျှောက်လွှာပုံစံတွေကို မြို့နယ်၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့ ထောက်ခံချက်တွေနဲ့အတူ အင်ဂျင်နီယာဌာန (လမ်းတံတား) ဆီ လျှောက်ထားရမယ်လို့ ဆိုပါတယ်။
လျှောက်ထားတဲ့ လျှောက်လွှာအပေါ်မူတည်ပြီး မဏ္ဍပ်နေရာချထားရေး၊ ကြံ့ခိုင်မှုစစ်ဆေးရေးကော်မတီစိစစ်ချက်နဲ့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတည်ပြုခွင့်ပြုချက်ရမှပဲ စတင်ဆောက်လုပ်နိုင်မယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးချိန်ကစပြီး သင်္ကြန်ကို ပြည်သူတွေ ပျော်ရွှင်စွာ ပါဝင်နေတယ်ဆိုတဲ့ ပုံရိပ်ရယူလိုတာကြောင့် နည်းမျိုးစုံနဲ့ စည်ကားအောင် လုပ်ဆောင်ခဲ့တာ ရှိပါတယ်။
အာဏာမသိမ်းခင်နှစ်တွေက သင်္ကြန်မဏ္ဍပ် ကန်ထရိုက်လုပ်ခဲ့သူတယောက်က “အရင်လို စည်ကားမှုရဖို့ကတော့ ဒီကာလမှာဘယ်လိုမှမဖြစ်နိုင်ဘူး။ ဘယ်သူမှလည်း အရဲစွန့်ပြီး စီးပွားဖြစ် မဏ္ဍပ်မဆောက်ရဲဘူး။ အဲဒီခေတ်က ပြီးဆုံးခဲ့ပြီ။ လွတ်လပ်တဲ့အချိန်ကြမှ ပြန်ဖြစ်လာမှာ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နှစ်စဥ် ပုဂ္ဂလိက ရေကစားမဏ္ဍပ်တွေ ဆောက်လုပ်ဖို့ ဖိတ်ခေါ်ကမ်းလှမ်းပေမဲ့ လုပ်မဲ့သူရှိမနေတာကြောင့် မြို့နယ်၊ ခရိုင်မဏ္ဍပ်တွေ ဆောက်လုပ်ကာ ဆော့ကစားစေခဲ့ပါတယ်။
အဲဒီရေကစား မဏ္ဍပ်တွေမှာလည်း နိုင်ငံရေးနဲ့ အလှမ်းဝေးတဲ့သူတွေ၊ စစ်ကောင်စီ ထောက်ခံသူတွေပဲ သွားရောက်လည်ပတ် ဆော့ကစားတာရှိသလို မြို့တော်ဝန်မဏ္ဍပ်၊ တိုင်းအစိုးရ မဏ္ဍပ်တွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ အလှည့်ကျ သွားရောက်ဖို့ ဖိအားပေးစေခိုင်းတာ၊ နေ့စားနဲ့ငှားရမ်းထားသူတွေ လှည့်လည်ဆော့ကစားစေတဲ့ နည်းလမ်း အသုံးပြုလေ့ရှိခဲ့တယ်လို့ Non CDM ဝန်ထမ်းတချို့ဆီက သိရပါတယ်။
အရင်နှစ်မှာလည်း အများပြည်သူတွေအနေနဲ့ စစ်ကောင်စီက စီစဥ်ပေးထားတဲ့ နေရာတွေထက် ရပ်ကွက်လမ်းနဲ့ လမ်းမတန်းနေရာတချို့မှာပဲ ရေဆော့ကစားတာတွေမျိုးတွေ ရှိခဲ့ပါတယ်။