Home
မြန်မာသတင်း
မြန်မာရွေးကောက်ပွဲအပေါ် ဂျပန်သံသယရှိ၊ အတုအယောင်ရွေးကောက်ပွဲကို မကူညီရန် HRW တိုက်တွန်း
DVB
·
March 24, 2025
Photo: UEC

စစ်ကောင်စီကျင်းပဖို့စီစဉ်နေတဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီးတော့  လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ထုတ်ပြန်ထားပါတယ်။

မတ် ၂၁ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခဲရှီ အီဝါယာက အတိုက်အခံလွှတ်တော်အမတ်တယောက်ရဲ့ မေးခွန်းအတွက် ခုလိုပြောလိုက်တာ ဖြစ်ပြီး မြန်မာစစ်အုပ်စုရဲ့ လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မိတဲ့အကြောင်း ပြောလိုက်တာပါ။

"ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းကျနေသူတွေကို ပြန်လွှတ်ပေးတာမျိုး။ လက်ရှိ အခြေအနေတွေကို ဖြတ်ကျော်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေလိုမျိုး နိုင်ငံရေးတိုး တက်မှုတွေ မရှိဘဲ အမျိုးသားအဆင့် ရွေးကောက်ပွဲတွေ ကျင်းပဖို့ လုပ်နေတဲ့အပေါ် ဂျပန်အစိုးရအနေနဲ့ အလေးအနက် စိုးရိမ်မိပါတယ်။” 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာ၊ ဒါမှမဟုတ် လာမယ့်နှစ် ဇန်နဝါရီလထဲမှာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့အကြောင်း ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတွေကို မတ် ၃ ရက်မှ ၉ ရက်အထိ တပတ်ကြာ သွားရောက်ခဲ့ချိန်မှာ အတိအလင်း ပြောထားခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၅၃ ခုက စာရင်းတင်သွင်းထားပြီး ဖြစ်သလို ဒီရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေ ဖိတ်ခေါ်သွားမယ့်အကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါ တယ်။

HRW အဖွဲ့ကတော့ အဆိုပါ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီးတော့ မကူညီကြဖို့ နိုင်ငံတကာ အစိုးရတွေကို  တိုက်တွန်းတောင်းဆိုထားခဲ့ တာပါ။

မတ် ၁၁ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ ယုတ္တိမဲ့၊ မဖြစ်နိုင်တဲ့ အဆိုပါ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်ပြီး ဖော်ပြထားကာ နိုင်ငံတကာ အစိုးရတွေအနေနဲ့လည်း စစ်အုပ်စုရဲ့ နည်းပညာပံ့ပိုးမှုဆိုင်ရာ တောင်းဆိုမှုတွေကို ငြင်းပယ်သင့်တယ်လို့ ပြောလိုက်တာပါ။

ဒါ့အပြင် မြန်မာစစ်ဗိုလ်ချုပ်တွေဟာ ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တိုင်းပြည်ကို လုံလောက်အောင် မထိန်းချုပ်ထားနိုင်ဘူးလို့ ပြောထားသလို ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကလည်း အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့  စစ်မှုထမ်းတပ် သားသစ် စုဆောင်းရေးတွေအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တာဖြစ်တယ်လို့‌ ပြောထား ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲ လုံခြုံရေးအခြေအနေအရ ၁၄၅ မြို့နယ်မှာသာ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ ကောက်နိုင်ခဲ့ကာ ကျန် ၅၈ မြို့နယ်မှာတော့ လုံးဝ ကောက်ယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့်မို့ စစ်အုပ်စုက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒီရွေးကောက်ပွဲကို အတုအယောင် လိမ်လည်မှုလို့ ခေါ်ဆိုဖို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို HRW အဖွဲ့က တိုက်တွန်းထားပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ အပါအဝင် အာရှဒေ သတွင်းက သက်ဆိုင်ရာ အစိုးရတွေကလည်း စစ်ရေးအရ ချုပ်ကိုင်မှုကို တရားဝင်စေဖို့ သာ လုပ်ဆောင်မယ့် အတုအယောင် ရွေးကောက်ပွဲတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကတော့ အကြမ်းဖက်စစ်အုပ်စုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနဲ့  မြန်မာ့နွေဦးတော်လှန်ရေး ရပ်တန့်သွားမှာမဟုတ်သလို မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်း မဟုတ်ဘူးလို့ ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းစစ် ပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ပြီး ပစ်ခတ် တိုက်ခိုက် အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံကလည်း  တိုက်တွန်းထားပါတယ်။

HRW အဖွဲ့ကတော့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ အစီအစဉ်တွေအပေါ် ဂျပန်အစိုးရရဲ့ စိုးရိမ်ပူပန်မှုကို ဖော်ပြတာက ကောင်းမွန်တဲ့ အစပြုခြင်းဖြစ်ပေမဲ့ ဒီထက်ပိုပြီးတော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယတို့ အပါအဝင် တခြားသော အစိုးရတွေကို ဒီအစီအစဉ်တွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ငြင်းပယ်ကာ နည်းပညာ ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ မပေးကြဖို့ စည်းရုံးသင့်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013