Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးနှင့် PDF ရဲဘော် ၁ ဦး သေဆုံး 
DVB
·
March 26, 2025

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်မှာ မတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက်နဲ့ PDF တပ်ဖွဲ့ဝင် ရဲဘော် ၁ ယောက် သေဆုံးခဲ့တယ်လို့   ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P29914 ကနေ သိရပါတယ်။

ကျောက်တံခါးမြို့နားက စဉ့်အိုးလဟာရွာမှာ အထိုင်ချနေတဲ့ စစ်တပ်စခန်းကို မနေ့မနက်စော ၂ နာရီခွဲဝန်းကျင်မှာ PDF တပ်ဖွဲ့ဝင်တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၂ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး သေနတ် တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရိုးမ ၂ စစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို အထူးကွန်မန်ဒိုတပ်ရင်းနဲ့အတူ ဗျူဟာ ၂၅၊ တိုင်းစစ်ဌာန (ပဲခူး)၊ စစ်ဆင်ရေးနယ်မြေ ၂၊ အမှတ် ၃၇၀၂  တပ်ရင်း၊ Spring Warrior Columnနဲ့  KNLA တပ်ရင်း ၉ တို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ယောက် သေဆုံးသလို ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြကာ G3 အမျိုးအစား သေနတ် တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ ပြီး PDF ရဲဘော်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရိုးမ ၂ စစ်ကြောင်းရဲ့ တပ်ရင်းမှူး နှောင်းဝေက “အဲဒီစခန်းမှာ ခန့်မှန်းအင်အား ၅၀ ဝန်းကျင် လောက်ရှိမယ်။ တိုက်ပွဲကြာချိန်ကတော့ ၄ နာရီလောက် ကြာခဲ့တာပေါ့။ မိုးလင်းသွားတယ်။ သူတို့စခန်းက ကင်းစခန်းတွေ ရပြီးပြီဆိုတော့ ၃ ပုံ ၂ ပုံလောက် ရပြီးပြီပေါ့ဗျာ။ အဲဒီမှာ သူတို့ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ ပေးခဲ့လို့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေဘက်က ရဲဘော် တယောက် ကျတယ်။ တချို့ရဲဘော်တွေလည်း ဒဏ်ရာရကြတယ်။ အဲဒါကြောင့် ရတဲ့လက်နက် ကောက်ပြီး ပြန်ဆုတ်လာခဲ့ကြတာ။ စခန်းတခုလုံး မသိမ်းနိုင်ခဲ့ဘူး”လို့  ပြောပါတယ်။

စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတူးတာတွေအပြင် လေကြောင်းရန် ကာကွယ်ရေးအစီအမံတွေ ကြိုတင်ပြုလုပ်ထားကြဖို့ PDF ကတိုက်တွန်းပါတယ်။

ရိုးမ ၂ စစ်ကြောင်း (အထူးကွန်မန်ဒို တပ်ရင်း P29914) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်ကလည်း ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်အစပ်က စစ်ကောင်စီတပ်ရဲ့ ခလရ ၇၃ တပ်ရင်း လက်အောက်ခံ သပြေညွန့်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့  စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးကာ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းအများအပြားနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရသူတွေ များပြားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှုအပေါ် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Photo: အထူးကွန်မန်ဒိုတပ်ရင်း P29914

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013